ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာရင် ဦးဆောင်မှု ခံယူမည်

အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် သူ့ဦးဆောင်မှုကို အပြည့်အ၀ ထောက်ခံသွားကြမှာပါလို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော် အမတ် တချို့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2011.11.21
parliament_2011_seats_305_z.png နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ
Photo: AFP/MRTV 4

လွှတ်တော် ကိုယ်စားလှယ်တွေဟာ အများ အတွက် အကျိုးရှိမယ် ဆိုရင်ထောက်ခံကြတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း အများ အကျိုးရှိတဲ့ လုပ်ငန်းကိုပဲ ပြောမှာဆိုမှာ ဆိုတော့ ဝိုင်းဝန်း ထောက်ခံကြမှာပါလို့ အမျိူးသား ဒီမိုကရေစီသစ် ပါတီရဲ့ အမျိူးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အာရ်အက်ဖ်အေကိုပြောပါတယ်။

အလားတူ ရခိုင်အမျိုးသားတိုးတက်ရေးပါတီက အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ အေးမောင် ကလည်း လွှတ်တော်ထဲ ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ထိုက်တန်တဲ့ ရာထူးနေရာ ပေးဖို့ လိုအပ်ကြောင်း၊ ပြည်ထောင်စုကြီးကို ဆွဲခေါ် မ တင်နိုင်ဖို့ အားကို သူဖန်တီးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို လာမဲ့ ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှ ကျင်းပဖို့ ရှိတယ်လို့ အများက ခန့်မှန်းထား ပါတယ်။ လစ်လပ်နေတဲ့ မဲဆန္ဒ နယ်မြေတွေမှာ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဝင်ရောက် အရွေးခံမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လေ့လာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာရောက်ဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။