မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး တချိန်တည်းမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ရင်းနှီးမြှုပ်နှံဖို့လည်း ဆော်သြလိုက်ပါတယ်။

2012.06.26
ပြင်သစ်သမ္မတ Francois Hollande နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပဲရစ်မြို့ရှိ သမ္မတအိမ်တော်တွင် ဇွန်လ ၂၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေကြစဉ်။
AFP

ပြင်သစ်သမ္မတသစ် Francois Hollande ဖရန်စွာ ဟိုလန်နဲ့ ပါရီမြို့ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

ဒီ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်း လဲနိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့တယ်လို့ ပြင်သစ်နိုင် ငံရောက် မြန်မာလူမျိုးများအဖွဲ့ တာဝန်ခံ ဦးထင်ကျော်က အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကတော့ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေး ပြောင်းလဲမှုဟာ ပထမအနေနဲ့ အရေးကြီးတယ်။ အဲဒီနောက်မှာ ဒီစီးပွားရေး၊ လူမှုရေး နောက်ကနေပြီး တပါတည်း ဖြစ်ဖို့ သင့်တော်တယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီ ပြောင်းလဲရေးဟာ ပထမဆုံးဦးဆုံး အနေနဲ့ အရေးကြီးတယ်ဆိုတဲ့ အကြောင်း ပြောသွားပါတယ်"

ရေနံ၊တွင်းထွက်သတ္တု စတဲ့ သယံဇာတတွေထုတ်ယူတဲ့ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းတွေနဲ့ အထွေထွေ စီးပွားရေးလုပ်ငန်းတွေမှာ ဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ပွင့်လင်းပြီး ထင်သာမြင်သာဖြစ်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သမ္မတ Francois Hollande ဖရန်စွာဟိုလန် ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းရေး ကဏ္ဍမှာ ပါဝင်သူတွေအားလုံး ကို ပြင်သစ်နိုင်ငံက ထောက်ခံမယ်လို့ ပြောကြားပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံကို လာရောက်လည်ပတ်မယ် ဆိုရင် ကြိုဆိုဖို့ အသင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပတိုက် နောက်ဆုံး ခရီးစဉ် အဖြစ် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ ရထားနဲ့ ရောက်ရှိခဲ့တာပါ။ ပြင်သစ်မှာ သုံးရက်ကြာ နေထိုင်ချိန် အတွင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တခြား ထိပ်တန်း တာဝန် ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ဒီနေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ တွေ့ဆုံမှာဖြစ်ပြီး၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့လည်း တွေဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတတို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲအကြောင်း ဒေါ်စမ်းစမ်းတင်က ကောက်နှုတ် တင်ပြ မှာ ဖြစ်ပါတယ်။

ကောက်နှုတ်တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။