တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရကို တိုက်တွန်းမယ် EU အမတ်များအဖွဲ့ ပြောဆို
2012.02.29

RFA
အဖွဲ့ဝင် ၁၁ ဦးပါ ဥရောပ ပါလီမန်အဖွဲ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတာပါ။
တွေ့ဆုံပွဲအပြီး အဖွဲ့ခေါင်းဆောင် ဂျာမန်အမတ် မစ္စတာ ဝါနာလန်ဂင်က သတင်းထောက်တွေနဲ့
တွေ့ဆုံရာမှာ ဒီကနေ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ ဥရောပပါလီမန်အဖွဲ့က လိုလားကြောင်း ဆွေးနွေးသလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ
အမြန် ပြန်လွှတ်ပေးရေးကိစ္စ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စ စတာတွေကို ဆွေးနွေးခဲ့ကြောင်း၊ ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲပြီးချိန်မှာ ၁၉၉၀ တုန်းက ဥရောပပါလီမန်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Sakharov ဆုကို
လာရောက် လက်ခံယူဖို့ကိုလည်း ဖိတ်ကြားခဲ့ကြောင်း ပြောသွားပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတနိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားပါတယ်။
“မဲဆန္ဒပေးတဲ့နေ့မှာ ဆိုလို့ရှိရင် မီဒီယာလည်း ရှိနေမယ်မဟုတ်လား။ မီဒီယာလည်း အားလုံးရှိမယ်၊ နောက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကလည်း ရှိနေမယ်ဆိုတော့ လွတ်လပ်ပြီး တရားမျှတဖို့တော့ များတယ်လို့
ယုံကြည်တယ်။ ဒါပေမယ့် အခု ဒီစည်းရုံးရေး ကာလမှာတော့ တချို့ကိစ္စလေးတွေ အန်အယ်လ်ဒီက မကျေနပ်ဘူး ဆိုတာတော့ အားလုံး သိပြီးကြပြီးသားပဲလေ။ ဒီဟာတွေနဲ့ပတ်သက်လို့ ကော်မရှင်ကိုလည်း တင်ပြထားတာတွေ ရှိပါတယ်။
အဲဒီဟာတွေမှာတော့ ဒီမိုကရေစီ မူဝါဒအနေနဲ့ မကိုက်ညီတဲ့ အချက်တွေ ရှိတယ်လို့ ထင်တယ်”
အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ ဥရောပ ပါလီမန်အဖွဲ့ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တခြားသော မြန်မာ့နိုင်ငံရေး အတိုက်အခံတွေ လူထုအခြေပြု လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့
တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာရေးတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။