၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး
2011.12.21

RFA/Photo courtesy of 88 Generation
ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ အတွက် ရှင်းလင်းပြဖို့နဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အခုလို တွေ့ဆုံခဲ့တာလို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုထွန်းမြင့်အောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ စမ်းချောင်း ကိုကိုကြီး၊ ကိုမြတ်သူ၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကိုလင်း၊ ကိုရဲဝင်းနဲ့အမျိုးသမီး အဖွဲ့ဝင် မမီမီလွင်၊ မနုနုအောင်နဲ့ မစန်းစန်းမော်တို့ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရုံးအဖွဲ့မှူး ဦးဝင်းထိန် ရှိနေတယ်လို့ သိရပါတယ်။
အခုလို တွေ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်ရတာနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထိခိုက်နစ်နာမှု နည်းတဲ့ နိုင်ငံရေး နည်းလမ်းကို အကောင်းဆုံး ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊ နိုင်ငံရေး အင်အားစုတွေ ပူးပေါင်း ဆောင်ရွက်ရုံ မဟုတ်ဘဲ တပ်မတော်နဲ့ပါ လက်တွဲ ဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုသလို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တဲ့ လမ်းကြောင်းဟာ ပိတ်ဆို့နေတဲ့ အခြေအနေ တစ်ရပ်ကို ဖေါက်ထွက်ခြင်း ဖြစ်တဲ့ အတွက် အပြစ်မမြင်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထောက်ခံ ဝန်းရံသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ကိုထွန်းမြင့်အောင်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ တစ်နာရီ ကျော်ကျော် ကြာတယ်လို့ သိရပါတယ်။