အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အလောင်းအစားမဟုတ်

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အလောင်းအစား တစ်ခု မဟုတ်ဘူးလို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

2011.11.25
assk-democracy-day1-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓါတ်ပုံ- NLD
NLD

မဲ မသမာမှုတွေအများကြီးရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ အများအပြားရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားတစ်ဖြစ်လဲ အငြိမ်းစား စစ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အလောင်းအစား တစ်ခုလို ဖြစ်နေပါသလားလို့ RFA သောတရှင်တဦး မေးမြန်းထားတာကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်တာဟာ နိုင်ငံရေး သိက္ခာကျတယ်လို့ ပြောဆိုဝေဖန် တာတွေကိုလည်း နိုင်ငံနဲ့ပြည်သူ့ အကျိုးအတွက် မှန်ကန်တဲ့ လမ်းစဉ်တစ်ခုကို လုပ်ကိုင်ရာမှာ သိက္ခာကျမလားလို့ စဉ်းစားတာဟာ တိုင်းပြည်အကျိုးထက် ကိုယ့်အတ္တကို ဦးစားပေး ရှေ့တန်းတင်တဲ့ ကိစ္စမျိုး ဖြစ်တဲ့အတွက် မရှိသင့်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

တစ်ဆက်ထဲမှာလည်း RFA အပတ်စဉ် အစီအစဉ်မှာ အမေရိကန်သမ္မတနဲ့ တယ်လီဖုန်းပြောခဲ့စဉ်က စီးပွားရေး ပိတ်ဆို့ အရေးယူမှုနဲ့ပတ်သက်လို့ ဆွေးနွေးတာရှိမရှိ သောတရှင်တဦး မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားထားပါတယ်။

“သမ္မတ အိုဘားမားက ပြောပုံဆိုပုံ ခင်မင်စရာ ကောင်းတယ်လို့တော့ ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ချမှတ်စဉ်ကတည်းက သတ်မှတ်ခဲ့တဲ့ လိုအပ်ချက်တွေ ပြည့်စုံတဲ့အခါမှာ ဖယ်ရှားပေးမှာပါလို့ အမေရိကန်အစိုးရက မကြာခဏ ပြောတဲ့အတိုင်း လုပ်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့ပါတယ်။ အပြည့်အစုံကို ဒီကနေ့ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ အစီစဉ်မှာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။