ငြိမ်းစုစီဥပဒေကြမ်းကို ပါတီ ၂၁ ခုကန့်ကွက်


2018.02.26
theinnyunt-622.jpg အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်ထံ တင်သွင်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် စတဲ့ အခွင့်အရေးတွေကို ထိခိုက်နေတာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၁ ခုက မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြင်ဆင်ထားတဲ့မူကြမ်းဟာ ပြည်သူလူထုကို ဖိနှိပ်ဖို့ဖြစ်နေတယ်လို့ ကန့်ကွက်တဲ့ နိုင်ငံရေးပါတီ ၂၁ ခုထဲက အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောပါတယ်။

"အဓိကက ပုဒ်မ ၁၈ မှာပါတဲ့ ငွေ၊ ပစ္စည်း၊ အခြားနည်းလမ်းဆိုတဲ့ စကားရပ်တွေမှာ ငွေကတော့ရှင်းတယ်။ ငွေဘယ်လောက် ထောက်ပံ့လို့ ဘာတို့ရှင်းတယ်။ ပစ္စည်းဆိုတဲ့အခါကျတော့ အခုလှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြတယ်။ သောက်ရေသန့်ပေးမယ်။ ထမင်းထုတ်ဝေပေးမယ်။ အဲဒါက အခြေခံဥပဒေကို ပေးထားတဲ့ဥပဒေကို ပြောင်းပြန်လှန်ပြီးတော့ ဖိနှိပ်ချုပ်ချယ်ချင်လို့ ပြင်ဆင်လိုက်တဲ့ ဥပဒေကနေ အဓိပ္ပာယ် အမျိုးမျိုးဖွင့်ပြီးတော့ အရေးယူခံရဖို့ ပြည်သူလူထုကို ဖိနှိပ်ဖို့ ဆန္ဒပြတဲ့သူတွေကို ထောက်ခံကူညီဖို့ လုပ်တဲ့ဟာတွေကို အရေးယူနိုင်တယ်"

ဥပဒေကြမ်းမှာပါတဲ့ အချက်တွေဟာ ဥပဒေကို ကိုင်တွယ်အကောင်ထည်ဖော်မယ့် ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေက စိတ်ကြိုက်အခြေအနေ ဖန်တီးခွင့်ပြုနိုင်တာ၊ အာဏာပိုင်တွေရဲ့ လုပ်ရပ်အလွဲအမှားတွေကို ထောက်ပြဆန့်ကျင်တာမျိုး မလုပ်နိုင်အောင် ထိန်းချုပ်နေတာတွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီပြင်ဆင်ချက်တွေကို လက်ရှိအတိုင်း အတည်ပြုဖို့ ကြိုးပမ်းတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် လို့လည်း ဖော်ပြထားပါတယ်။

ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာ ဆန္ဒပြပွဲပြုလုပ်မယ်ဆိုရင် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့်ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ဖော်ပြရမယ့်အချက်တွေ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားစေဖို့အကြံကို သိလျက် ငွေ ဒါမှမဟုတ် ပစ္စည်းကို ပေးပြီး ဆန္ဒဖော်ထုတ်အောင် လှုံ့ဆော်ရင် သွေးဆောင်ဖြားယောင်းရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ပြင်ထားပါတယ်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် ဆန္ဒပြမယ့်နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်ပြီး စာနဲ့ ပေးပို့တင်ရမယ်လို့ ဥပဒေကြမ်းမှာ အစားထိုးထားပါတယ်။

ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)အပါအဝင် ပါတီ ၂၁ ခုက ကန့်ကွက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။