ပလက်ဝမြို့နယ် နယ်စပ်အနီး ဗုံးကွဲမှု ALP ပါတီ အမေးခံရ
2015.11.30

ချင်းပြည်နယ် ပလက်ဝမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်အနီးက ပါလာဝ ကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ဗုံးတစ်လုံးပေါက်ကွဲခဲ့ တာကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တာဝန်ရှိသူတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ကိစ္စဟာ ALP နဲ့သက်ဆိုင်မှုမရှိဘူးဆိုတာကို ရှင်းပြခဲ့တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
"၂၈ ရက်နေ့မှာ ပါလာဝရွာမှာ ဗုံးကွဲမှုဖြစ်သွားတယ်ဆိုတာမျိုး ကျမတို့ကိုပြောပြတာ ရှိပါတယ်၊ အဲ့လိုအနေအထားရလာတဲ့အချိန်မှာ တစ်ဦးကိုတစ်ဦး သံသယဖြစ်စရာတွေ ဖြစ်လာပါတယ်၊ အဲ့လိုမဖြစ်ရအောင် ကျမတို့ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ် စေချင်ကြောင်း သူတို့ကပြောပြတယ်၊ ကျမတို့ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ အနေနဲ့ ဗုံးထောင်တာမျိုးကျမတို့မှာမရှိဘူး၊ ဘယ်တုန်းကမှ လည်း ဗုံးထောင်တာမျိုး ကျမတို့ဘက်မှာမရှိဘူး၊ အဲ့တာမျိုး ကျမတို့ကဘက်ပြန်လည်ဖြေရှင်းတာရှိပါတယ်"
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့တုန်းကလည်း ပလက်ဝမြို့နယ်အတွင်းမှာ ရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ALP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောင်မှာ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားရအောင် ဖြတ်သန်းသွားလာရာမှာ တစ်ဘက်နဲ့တစ်ဘက် ကြိုတင်အသိပေးညှိနှိုင်းပြီးမှ သွားလာမှုတွေ ပြုလုပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အနေနဲ့ NCA လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး မြို့နယ်အချို့မှာ ရှင်းလင်းပွဲတွေလုပ်ဆောင်ရာမှာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့သဘောတူညီချက် ရယူပြီးမှဆောင်ရွက်ကြ ဖို့လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ် ဦးမြအောင်၊ ပြည်နယ် နယ်စပ် ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုး တို့ တက်ရောက်ခဲ့ပါတယ်။