ပိတ်ဆို့ကာရံထားတဲ့ ရေမြောင်းအဖုံး အမြန်ဖယ်ရှားဖို့ ရေဘေးသင့် ပြည်သူတွေတောင်းဆို

ရန်ကုန်မြို့ ကြည်မြင်တိုင်နဲ့ အလုံမြို့နယ် အတွင်းက ရေဘေးသင့် ပြည်သူ ၅၀၀ ကျော်လောက်ဟာ မနေ့ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ Asia World ကုမ္ပဏီရှေ့မှာ စုရုံးပြီး အဲဒီကုမ္ပဏီက ကွန်ကရစ်ထုနဲ့ ပိတ်ဆို့ ကာရံထားတဲ့ ရေမြောင်းအဖုံးတွေကို အမြန် ဖယ်ရှားပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

2012.08.24
asiaworld-ahlone-flood-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က အေးရှားဝေါလ် ကုမ္ပဏီက ပိတ်ဆို့ထားသော ကွန်ကရစ် ရေမြောင်းဖုံးများအား ညတွင်းချင်း ဖယ်ရှားနေသည်ကို ရပ်ကွက်နေ ပြည်သူတချို့ စောင့်ကြည့်နေစဉ်။
RFA

အေးရှားဝေါလ် ကုမ္ပဏီဟာ ကွန်တိန်နာကားတွေ ဖြတ်သန်းမောင်းနှင်ရ လွယ်ကူအောင် (၄) ပေအမြင့် ကွန်ကရစ်တွေကို ရေမြောင်းပေါ်မှာ ဖုံးအုပ်ကာရံ တည်ဆောက်ခဲ့တဲ့အတွက် မနေ့က မိုးအသည်းအထန် ရွာသွန်းအပြီး ကြည့်မြင်တိုင်နဲ့ အလုံမြို့နယ်တွေက ရပ်ကွက် (၄) ခုလောက်မှာ ရေကြီးရေလျှံခဲ့ပါတယ်။

အဲဒါကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေ မခံမရပ်နိုင်ဖြစ်ပြီး ကွန်ကရစ် အကာအရံတွေ အားလုံးကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးဖို့ ကမ်းနားလမ်းပေါ်က အေးရှားဝေါလ် ကုမ္ပဏီရုံးရှေ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ အလုံမြို့နယ်သား တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ဖြစ်တာက ညနေ ၄ နာရီ ၁၅ လောက်ကနေပြီးတော့ အဲဒီမှာ ရေတွေကြီးလာတဲ့ အချိန်မှာ ရပ်ကွက်ထဲက လူကြီးတွေရော လူငယ်တွေရော သွားပြီးတော့ ပြောကြတယ်။ ၁၅ ယောက်လောက်က စပြီးပြောကြတယ်။ ပြောရင်းကနေပြီး တဖြေးဖြေး လူတွေများလာပြီးတော့ ဘုရင့်နောင်လမ်းမကို ပိတ်လိုက်တယ်။ အချိန်တော်တော် ကြာကြီးကို ပိတ်သွားတယ်။ ထုံးစံအတိုင်း ကုန်ကားကြီးတွေ တန်းစီပြီးတော့ ဘတ်စ်ကားကြီးတွေရော၊ Taxi တွေရော အကုန်လုံးပိတ်သွားတယ်"

ရေလျှံတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အလုံမြို့နယ်သူ တစ်ဦးက-

"တခါမှ မကြုံဖူးပါဘူးရှင့်၊ ဒီမှာနေတာ အနှစ် ၃၀ ရှိပါပြီ။ ညီမတို့ တစ်သက်ပေါ့။ ညီမတို့က သိပ္ပံလမ်း မြေညီထပ်ဆိုတော့ ရေဝင်တဲ့အတွက် အရမ်းကို ခံစားရပါတယ်ရှင့်။ အခုဖြစ်တာက ရက်ပိုင်းပဲရှိသေးတယ်။ အခုက ရက်ဆက်ဖြစ်နေတယ်ဆိုတော့ မိုးရွာတာနဲ့ အဲဒီလိုမျိုးပိတ်ရင် ညသန်းခေါင် ပြည်သူလူထု အိပ်မောကျနေတဲ့ အချိန်ဆိုရင် အကုန်လုံး မတွေးဝံ့စရာပဲ။ ပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်း နေရအောင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်ပေးစေချင်တယ်ရှင့်"

ရပ်ကွက်ပြည်သူတွေ ဆန္ဒဖော်ထုတ်ကြတဲ့ နေရာကို ကိုဂျင်မီ၊ ကိုမြအေးစတဲ့ (၈၈) မျိုးဆက် ကျောင်းသားတွေ ရောက်ရှိလာပြီး အေးရှားဝေါလ် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် အေးရှားဝေါလ် ကုမ္ပဏီက ပိတ်ဆို့ထားတဲ့ ကွန်ကရစ်တွေကို ယန္တရားကြီးတွေ သုံးပြီး ညတွင်းချင်း ဖယ်ရှားပေးခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။