အာရှနိုင်ငံတွေမှာ မြန်မာအစိုးရကို ဆန္ဒပြ
2016.11.25
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေကို စစ်တပ်ကနှိမ်နင်းရာမှာ လူမျိုးဘာသာခွဲခြားပြီး မုဒိမ်းကျင့် သတ်ဖြတ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ကန့်ကွက်တဲ့ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွေမှာ မွတ်စလင်ထောင်ပေါင်းများစွာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒါကာမြို့က ဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံးဗလီဖြစ်တဲ့ Baitul Mokarram ရှေ့မှာ သောကြာနေ့ ပုံမှန်ဝပ်ပြုပွဲအပြီး ကျင်းပခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ မွတ်စလင် ငါးထောင်ခန့် ပါဝင်ပြီး အဲဒီလူတွေအနက် ငါးရာခန့်က မြန်မာသံရုံးကို ချီတက်ခဲ့တယ်လို့ ဆိုပါတယ်။
အေပီ သတင်းအရဆိုရင် ဆန္ဒပြသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မြန်မာအလံတွေကို မီးရှို့ခဲ့ကြပါတယ်။ ဒါ့အပြင် မောင်တောဒေသက ထွက်ပြေးလာ သူတွေကို လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုခဲ့ပါတယ်။
မလေးရှားအစိုးရကလည်း အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုံ့ချတဲ့ စာတစောင် မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီစာ မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို မြန်မာအစိုးရက လိုအပ်တဲ့နည်းလမ်းမှန်သမျှ အသုံးပြုပြီး စုံစမ်းအရေးယူပါလို့ တောင်းဆိုထား ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားမှာ ရှိတဲ့ မြန်မာသံ အမတ်ကြီးကို ဆင့်ခေါ်ပြောကြားမှာဖြစ်သလို မလေးရှားနိုင်ငံခြားရေးဝန်ကြီး Aman အာမန်ကလည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ တခြားမြန် မာခေါင်းဆောင်တွေကို ဖြစ်နိုင်သမျှအမြန်ဆုံးတွေ့ချင်တယ်လို့ ပြောပါတယ်။
ဂျကာတာမြို့မှာတော့ လူ ၂ဝဝ ခန့် မြန်မာသံရုံးရှေ့သွားရောက် ဆန္ဒပြခဲ့ကြရာမှာ အလာသခင် မြင့်မြတ်သည် လို့ ကြွေးကြော်ခဲ့ကြပြီး မြန်မာနိုင်ငံနဲ့ သံတမန် အဆက်အသွယ်ဖြတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းထား တဲ့ နိုဘယ်လ်ဆုကို ပြန်ရုပ်သိမ်းဖို့တောင်းဆိုခဲ့ကြတယ်လို့ AFP က ဆိုပါ တယ်။ Jakarta Post သတင်းစာ မှာတော့ မြန်မာလူ့အခွင့်ရေးကွန်ယက်ခေါင်းဆောင် ဦးကျော်ဝင်း က ဒေါ်အောင်ဆန်းစုကြည်ဟာ ခံယူချက် ထက် နိုင်ငံရေးနဲ့ အာဏာကို ဦးစားပေးလိုက်ပြီ၊ အရင်ကလို သတ္တိမရှိတော့ဖူးလို့ပြောကြောင်း ဖေါ်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ကာလတဲ့ AFP သတင်းမှာတော့ ထွက်ပြေးလာတဲ့ ဟာဘီဘာဆိုတဲ့အမျိုးသမီးတဦးက သူနဲ့ သူ့ညီမအပါအဝင် ရွာကမိန်းကလေးတွေ ကို မြန်မာစစ်သားအုပ်စုက တယောက်ပြီးတယောက် အဓမ္မပြုကျင့်ကြကြောင်း၊ အဲဒီနောက် စစ်သားတယောက်က သူတု့ိ့နောက်တခေါက်ပြန်လာလို့တွေ့ရင် သတ်ပစ်မယ်ပြောဆိုပြီး အိမ်တွေကိုမီးရှို့ထွက်ခွာသွားကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။ ထွက်ပြေးလာသူအမြောက်အများက မီးရှို့ မုဒိမ်းကျင့် သတ်ဖြတ်ပုံတွေကိုပြောနေကြတယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း လူ့ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW အကြီးအကဲ ဒေးဗစ်မက်သီဆန် က ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာ့တပ်မတော်အပေါ် သြဇာရှိပုံ မရဘူးလု့ိပြောဆိုခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စား လှယ် ယန်ဟီးလီကလည်း သတင်းထောက်တွေ သွားခွင့် မရတဲ့အချက်ကို လုံးဝလက်မခံနိုင်ဘူး လို့ပြောပါတယ်။ လန်ဒန်မြို့Queen Mary တက္ကသိုလ်က သုတေသီတွေက လက်ရှိအခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် က ရေငုံနှုတ်ပိတ်နေမှုဟာ အစုအပြုံလိုက် သတ်ဖြတ်မှုကို ဘောင်ဝင်အောင် လုပ်ပေးသလိုဖြစ်နေတယ် လို့ ဝေဖန်ကြပါတယ်။
တခြားလူ့ခွင့်ရေးအဖွဲ့တွေကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံတကာလေ့လာသူတွေ သွားခွင့်ပြုဖို့ ဆက်လက်ပြောဆိုနေကြပါတယ်။
ဘရပ်ဆဲလ်မြို့ကလာတဲ့ KUNA ကူဝိတ်သတင်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကအခြေ အနေတွေကို စိုးရိမ်ကြောင်း ဥရောပနိုင်ငံများအဖွဲ့ EU က သောကြာနေ့မှာ စာတစောင်ထုတ်ပြန်ခဲ့ကြောင်းနဲ့ မြန်မာအစိုးရ ကလည်း စုံစမ်းနေကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်း ရန်ကုန်မှာကျင်းပနေတဲ့ အာဆီယံဖလားဘောလုံးပြိုင်ပွဲမှာ ဆက်လက်ပါဝင် ယှဉ်ပြိုင်ဖို့ မလေးရှားအစိုးရက သောကြာနေ့မှာ ဆုံးဖြတ် လိုက်ကြောင်း ကွာလာလမ်ပူ ကလာတဲ့ ရိုက်တာသတင်း မှာဖေါ်ပြထားပါတယ်။