၃ ရက်ကြာ အာဆီယံ လူငယ်ဖိုရမ် ရန်ကုန်မှာ ကျင်းပပြီးစီး


2014.03.19
asean-youth-forum-305.jpg ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မတ်လ ၁၉ ရက်နေ့က အာဆီယံ လူငယ်တွေ့ဆုံပွဲ ၂ဝ၁၄ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်စဉ်
photo: Kyaw Zaw Win/RFA

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက လူငယ် ၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့တဲ့ အာဆီယံ လူငယ်ဖိုရမ်ကို ဒီနေ့ နောက်ဆုံးနေ့အဖြစ် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာကျင်းပခဲ့ပြီး ညနေပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

လာမယ့်၂၀၁၅ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး သဘောတူညီချက်နဲ့ အကောင်အထည်ဖေါ် မယ့် အာဆီယံ စီးပွားရေး အသိုက်အဝန်းမှာ ဒေသ တွင်းက လူငယ်တွေအပေါ် သက်ရောက်နေတဲ့ မူဝါဒပိုင်းဆိုင်ရာတွေမှာ ဆွေးနွေးတင်ပြခွင့်ရအောင် ဘယ်လို ကြိုတင်ပြင်ဆင်သင့်တယ် ဆိုတာတွေကို ဒီဖိုရမ်မှာ အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ အာဆီယံလူငယ်ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင်ပါဝင်တဲ့ မဖွေးယုမွန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ဒီအာဆီယံ community မတိုင်ခင်မှာ လူငယ်တွေအနေနဲ့ ဘယ်လိုကြိုတင် ပြင်ဆင်သင့်တယ်၊ အထူးသဖြင့် အာဆီယံ စီးပွားရေးအသိုက်အဝန်းလို ဒါမျိုးတွေအတွက် လူငယ်တွေအနေနဲ့ ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်၊ ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေ ကြုံလာနိုင်တယ်၊ အဲဒီအရာကို ကျမတို့ဘယ်လို ဖြေရှင်းရမယ်၊ ဘယ်လို lobby လုပ်ရမယ်၊ ကျမတို့လိုချင်တဲ့အရာကတော့ ဒါပါဆိုတဲ့အရာမျိုးကို ဒီနှစ်မှာ အများကြီးသုံးသပ်သွားနိုင်မယ်"

ဒါအပြင် လူငယ်ဖိုရမ်မှ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအပြင် ဒေသတွင်း တိုင်းပြည်တွေအားလုံး ကြုံတွေ့ရတဲ့ ရွှေ့ပြောင်းနေထိုင်မှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖိုရမ်ဖြစ်မြှောက်ရေး ကော်မတီဝင်တွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံလူငယ်ဖိုရမ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၃ ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံ လူငယ်ဖိုရမ်အကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။