ပြည်သူ့ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ အာဆီယံခေါင်းဆောင်တွေဆီ NUG စာပို့
မြန်မာ့အရေးဖြေရှင်းဖို့ ပြည်သူလူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံခေါင်းဆောင်တွေဆီ ဒီကနေ့ စာပေးပို့ တိုက်တွန်းလိုက်ပါတယ်။
အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာ အချိန်တစ်နှစ်ကျော် ရှိပြီဖြစ်တာကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ အချိန်တန်ပြီလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
NUG အစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့တွေ စတဲ့အဖွဲ့ အားလုံးနဲ့ အာဆီယံကြား ဆွေးနွေးပွဲတစ်ခု လုပ်ပေးဖို့လည်း တောင်းဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပတ်သက်လို့လည်း အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေနဲ့ အာဆီယံတို့ကြား ဆွေးနွေးပွဲတစ်ခုလုပ်ဖို့လည်း တိုက်တွန်းပါတယ်။
အာဆီယံရဲ့ လူသားချင်းစာနာမှုအစီအစဉ်တွေကို စစ်ကောင်စီကနေမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပွင့်လင်းမြင်သာစွာပေးဖို့ကိုလည်း စာထဲမှာ ရေးထားပါတယ်။
မကြာခင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး၊ အဲဒီရွေးကောက်ပွဲဟာ ပြည်သူလူထုဆန္ဒကို ကိုယ်စားမပြုဘူးလို့လည်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောထားပါတယ်။
အာဆီယံဘက်က NUG အစိုးရနဲ့ ဒီကနေ့ထိ တရားဝင်တွေ့ဆုံတာ မရှိပါဘူး။ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေဟာ အလုပ်မဖြစ်ဘူးလို့ နိုင်ငံတကာက ကျွမ်းကျင်သူတွေ ဝေဖန်နေပေမဲ့ အာဆီယံကတော့ ဒီသဘောတူညီချက်တွေကို ဆက်ကိုင်ဆွဲထားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်က ကျင်းပတဲ့နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။