သံတွဲမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

RFA Burmese
2024.05.21
သံတွဲမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မြောက်ဘက် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ကျေးရွာများအား တွေ့ရစဉ်။
MOI

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာမှာ မေလ ၂၀ ရက်နေ့က စစ်ကောင်စီရေတပ် စစ်ရေယာဉ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် အရပ်သားတစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေချိန် စစ်ရေယာဉ်ကနေ လက်နက်ကြီးပစ်ကူပေးရာမှာ ရပ်ရွာတွေထဲ ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ရွှေလှေဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ စစ်တပ်ကလည်း ရေတပ်ကရော၊ နေဗီ (စစ်ရေယာဉ်) ကရော လက်နက်ကြီးနဲ့ ပစ်ကူပေးတာပေါ့။ အဲဒီမှာ လက်နက်ကြီးတစ်လုံးက ခမောင်းတုန်းရွာထဲကိုကျတာ။ ကလေးတစ်ယောက် သေသွားတယ်။ လူကြီးတစ်ယောက်လည်း ဒဏ်ရာရသွားတယ်”

ဒီနေ့မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ အဆက်အပြတ်ကြားနေရတယ်လို့ သူကဆိုပါတယ်။

သံတွဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်လာတာပါ။

မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံတွဲမြို့နယ် လင်းသီရွာက ရွာသားကိုးဦးနဲ့ ရွှေလှေရွာက ရွာသားတစ်ဦး သေဆုံးခဲ့သလို မေလ ၁၈ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာလည်း နတ်မော်တောင်ရွာက ရွာသားကိုးဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။