လက်နက်ကြီးကြောင့် ပုလောဒေသခံ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.03.31
လက်နက်ကြီးကြောင့် ပုလောဒေသခံ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ တနင်္သာရီတိုင်းအတွင်း စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာထဲ မတ်လ ၃၀ ရက်နေ့လယ်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နေ့လယ် ၁၂ နာရီကျော်မှာ လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ပြီး ရွာထဲကို တစ်လုံးကျခဲ့တာလို့ ဆိုပါတယ်။

ကျည်စတွေဟာ အသက် ၂၀ အရွယ် အမျိုးသမီးနှစ်ဦးရဲ့ ခန္ဓာကိုယ်အနှံ့ကို စိုက်ဝင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးနှစ်ဦးကိုတော့ အဲဒီနေ့ကပဲ ဆေးကုသမှုပေးထားပါတယ်။ ယမ်းစတွေ တစ်ကိုယ်လုံးစင်သွားတော့ ခန္ဓာကိုယ်တစ်ခုလုံး အသားတွေ ကွဲထွက်ကုန်တယ်လို့ သိထားပါတယ်။ တစ်ယောက်ကတော့ ညာခြေထောက်တစ်ဖက် ဖြတ်ရမယ်ဖို့ များတယ်”

ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်ပြီး နာရီပိုင်းအကြာ စစ်ကောင်စီတပ်သား ခြောက်ဆယ်က ရှပ်ပုံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် အရပ်သား ခုနစ်ရာကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာသူ ၂ ဒသမ ၈ သန်းကျော် ရှိလာပါပြီ။ အဲဒီထဲက ၂ ဒသမ ၅ သန်းကျော်ဟာ အာဏာသိမ်းပြီးနောက် တိုးလာတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။