စစ်တွေမှာ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ

RFA Burmese
2024.02.29
စစ်တွေမှာ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ စစ်တွေမြို့မဈေးကြီးအား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 5:09 PM Feb 29,2024

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်တဲ့လက်နက်ကြီးကျည် လူစည်ကားရာမြို့မဈေးကြီးအနီး ကျပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး နောက်ထပ် ၁၈ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

သေဆုံးသူတွေကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံကိုပို့ထားပြီး ဒဏ်ရာပြင်းထန်သူတွေလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“အခုလက်ရှိ သေဆုံးတာက ၁၂ ယောက်၊ ဒဏ်ရာရတာက ၁၈ ယောက်ပါ။ တခြား ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ အဲဒီ ၁၈ ယောက်က အတော်လေးဒဏ်ရာပြင်းထန်တော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ သေတာကတော့ ပွဲချင်းပြီး သေတာတွေလည်းရှိတယ်။ ဆေးရုံရောက်မှ သေတာလည်းရှိတယ်။ အကုန်လုံးက ဈေးသည်တွေနဲ့ ဈေးလာဝယ်တဲ့သူတွေပါ”

သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသက်အရွယ်အတိအကျကို မသိရသေးပေမယ့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အို အများစုပါဝင်တယ်လို့ သူကဆိုပါတယ်။

စစ်တွေမြို့ ရှုခင်းသာလမ်း ပွိုင့်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ ပုဏ္ဏားကျွန်းမြို့ကို လက်နက်ကြီးနဲ့လှမ်းပစ်ရာမှာ လက်နက်ကြီးကျည်တစ်လုံးက စစ်တွေမြို့ မြို့မဈေးကြီးအနီးက လူစည်ကားရာ ပျံကျဈေးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလို သေဆုံးဒဏ်ရာရသူ များခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းဈေးကို စစ်ကောင်စီရေတပ် စစ်သင်္ဘောတစ်စီးပေါ်ကနေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၂ ဦး သေဆုံးကာ ၃၁ ဦးကတော့ ဒဏ်ရာအပြင်းအထန်ရသွားပြီး နောက်ထပ် အရပ်သား ငါးဆယ်နီးပါးလည်း အသေးစားဒဏ်ရာရသွားတယ်လို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်တွေမြို့နဲ့အနီးဝန်းကျင်မှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ အများပြုသူလူထု ဈေးရောင်း၊ ဈေးဝယ်နဲ့ လူစည်ကားနေတဲ့အချိန်မှာ အစုလိုက်အပြုံလိုက် သေဆုံးအောင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် သုံးလကျော်သွားပါပြီ။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အရပ်သား ၁၁၁ ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - ရက္ခိုင့်တပ်တော် (AA) ၏ ဖေဖော်ဝါရီလ ၂၉ ရက် ညနေပိုင်း ထုတ်ပြန်ချက်ကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။