ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဥပဒေ ပြင်ဆင်မည်
2013.11.01

ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေ ကို ပြောကြားလိုက်ပါတယ်။
လက်ရှိ ပုဒ်မ ၁၈ မှာ ပြဌာန်းချက်အရ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုမှသာ ဆန္ဒပြခွင့်ရှိတာဖြစ်ပါတယ်။
လွှတ်တော်က ပြင်ဆင်မယ့်အချက်မှာ အရင်ကလို ဆန္ဒပြခွင့်တောင်းခံစရာမလိုတော့ဘဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခုလို ပြောပါတယ် ။
“ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်ပြင်ကြတော့မယ်၊ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ဖို့အတွက် လျှောက်လွှာတင်စရာ မလိုတော့ဘူး၊ အရင်တုန်းက လျှောက်လွှာတင်ရတယ်၊ ခွင့်မပြုရင် ဒီအတိုင်းထွက်ပြတဲ့အခါ ပုဒ်မ ၁၈ နဲ့ အရေးယူခံရတယ်၊ ခွင့်ပြုစရာလည်းမလိုဘူး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးဟာ မိမိဆန္ဒကို ဥပဒေဘောင်နဲ့ အညီ ဖော်ထုတ်ခွင့်ရှိတယ်၊ မကြာခင် အဲဒီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ထွက်လာပါပြီ၊ မကြာခင် အကောင်အထည်ဖော်တော့မှာဖြစ်တယ်”
လက်ရှိမှာ လယ်သမား၊ အလုပ်သမားအရေးနဲ့ မြေယာသိမ်းဆည်းမှှုတွေကို ကန့်ကွက်ဆန္ဒပြသူအများအပြား ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတာတွေရှိသလို ထောင်ဒဏ် အပြစ်ပေးခံထားရသူတွေလည်း ရှိနေပါတယ်။
ဒီ ပုဒ်မ ၁၈ ကို ပြင်ဆင်နိုင်ဖို့အတွက် သူရဦးအောင်ကို ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက်နဲ့ တင်သွင်းသွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေမှာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သုံးသောင်းအထိ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိင်တယ်လို့ ပြဌာန်းထားပါတယ်။