ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု


2013.11.13

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

မူလဥပဒေမှာ ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်တောင်းခံရမယ်လို့ဆိုထားပြီး အခုမူကြမ်းမှာ အသိပေးအကြောင်းကြားဖို့သာ ရှိတော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုမူကြမ်းမှာ ပြစ်ဒဏ်သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ဒီနေ့ ပြည်သူလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမယ်ဆိုလို့ရှိရင် အများဆုံး ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ်ငွေကျပ် ၃ သောင်းအထိဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရမယ်လို့ ပြဌာန်းထားပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ပုဒ်မ ၁၈ ဟာ အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံတော်ရဲ့ အခွင့်အရေကို ပြန်လည်ထိန်းချုပ်ထားကြောင်း တွေ့ရပါတယ်၊ အုပ်ချုပ်ရေးမှူး၊ ရဲမှူးတို့ကလည်းပဲ ဥပဒေအထက်ကို ရောက်နေတဲ့သဘော ဖြစ်နေပါတယ်၊ ပုဒ်မ ၁၈ ကို ခွင့်ပြုမိန့်တောင်းခံခြင်းအစား အသိပေးအကြောင်းကြား တင်ပြခြင်းဆိုတဲ့ စကားရပ်နဲ့၎င်း ပြစ်ဒဏ်သတ်မှတ်ချက်နှစ်ခု ပယ်ဖျက်ခြင်းဖြင့်၎င်း ဥပဒေကြမ်းမှာ ရေးသားတင်သွင်းထားပါတယ်

အဲ့ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကျယ်ကျယ်ပြန်ပြန့်ဆွေးနွေးပြီးတဲ့အခါ ကောင်းမွန်မျှတတဲ့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာမှာဖြစ်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိတည်ဆဲဥပဒေ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားအရေး လှုပ်ရှားကြသူ ရာဂဏန်းနီးပါးအထိ ရှိနေတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။