မြတန်ဆောင်း ဆရာတော်ကို လွှတ်ဖို့ ကျောက်တော်မှာ ဆန္ဒပြ


2017.04.24
aa-cup-monk-free-protest-620.jpg မြတန်ဆောင်း ဆရာတော်နဲ့ ကိုခိုင်နီမင်း တို့ကို ပြန်လွှတ်ပေးဖို့ ဧပြီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: ကုလရက္ခိတအသင်း ကျောက်တော်နယ်/ Facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလားဘောလုံးပွဲကျင်းပမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို ပြန်လွှတ်ပေးဖို့ ကျောက်တော်မြို့မှာ လူပေါင်း ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံရတာလို့ ယုံကြည်တာကြောင့် ပြန် လွှတ်ပေးဖို့ အခုလိုဆန္ဒပြတောင်းဆိုတာလို့ ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်လှမြင့် ကပြောပါတယ်။

"မြတန်ဆောင်းဆရာတော်ကို ၁၇(၁)နဲ့ တရားစွဲထားတယ်ကြားတော့ ပြည်သူလူထုက မခံရပ်နိုင်ဖြစ်ပြီးတော့ မြတန်ဆောင်းဆရာတော်ဟာ ၁၇(၁)ပုဒ်မနဲ့ ငြိစွန်းမှုမရှိဘူးဆိုပြီး ဆန္ဒပြရခြင်းဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ရဟန်းသံဃာတွေကို အစိုးရက လေးစားဖို့၊ ရခိုင်ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့၊ လူ့အခွင့်အရေး အရ မိမိယုံကြည်ရာကို လုပ်ခွင့်ရှိကြောင်း စတဲ့အချက်တွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ရက္ခိုင့်တပ်မတော် AA (၈) နှစ်မြောက်အထိမ်းအမှတ် အဖြစ် မြောက်ဦးမြို့ မြတန်ဆောင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကျောင်းသားတွေ အတွက် ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးဖို့ တိုင်ကြားလာတာကြောင့် ရဲတပ်ဖွဲ့က ဧပြီလ ၁၀ ရက်နေ့မှာ မတရားအသင်း အက်ဥပဒေနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို စစ်တွေအကျဉ်းထောင်ကနေ မြောက်ဦးမြို့မရဲစခန်း ကို ပြောင်းရွှေ့လိုက်ပြီး မြောက်ဦးမြို့နယ်တရားရုံးမှာ ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

မြတန်ဆောင်းဆရာတော်အရှင် နန္ဒသာရနဲ့ ကိုခိုင်နီမင်း တို့ကို လာမယ့် မေလ ၂ ရက်နေ့မှာ ထပ်မံရုံးထုတ်မယ် လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။