မြတန်ဆောင်းဆရာတော်အမှု ရုံးထုတ်စစ်ဆေး


2017.05.08
rakhine-monk-arrest-620jpg မြတန်ဆောင်း ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသားတွေကို မေလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်တပ်မတော်ဖလား ဘောလုံးပွဲကျင်းပတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့နယ်တရားရုံးမှာ ဒီနေ့ ၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ ၃ ကြိမ်မြောက်ရုံးထုတ်မှာတော့ တရားလိုနဲ့ တရားလိုပြသက်သေ တပ်မတော်အရာရှိ တစ်ယောက်ကို စစ်ဆေးခဲ့တယ်လို့ အဲဒီအမှုကိုလိုက်ပေးနေတဲ့ ရှေ့နေ ဦးထွန်းလှကပြောပါတယ်။

"တရားလိုနဲ့ တရားလိုပြသက်သေတစ်ယောက်ကို ဒီနေ့စစ်ဆေးတယ်၊ တရားလိုဘက်က ဗိုလ်မှူး တစ်ယောက်ရယ်၊ နောက်ဗိုလ်မှူးတစ်ယောက်ရယ်ပေါ့၊ အမှုအခြေအနေကတော့ တရားလိုနဲ့ လိုပြ သက်သေအကုန်လုံးကို မစစ်ရသေးတဲ့အတွက် အခြေအနေကတော့ မှန်းလိုမရသေးဘူး"

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ရက္ခိုင့်တပ်မတော် AA (၈) နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြောက် ဦးမြို့က မြတန်ဆောင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကျောင်းသားတွေအတွက် ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးဖို့ တိုင်ကြားတာကြောင့် ဧပြီလ ၁၀ ရက်နေ့မှာ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်း တို့ကို မတရားအသင်း အက်ဥပဒေနဲ့ မြောက်ဦးမြို့မရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မြတန်ဆောင်းဆရာတော်အမှုနဲ့ ဆက်နွယ်တယ်ဆိုပြီး မြို့ခံတစ်ဦးကိုလည်း မြောက်ဦးမြို့အခြေစိုက် ခမရ - ၅၄၀ ကပဲ တရားလိုလုပ်ပြီး မြောက်ဦးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ ဒီနေ့ ရုံးထုတ်မှာ တရားရုံးရှေ့က လမ်းမှာ မြ တန်ဆောင်းဆရာတော်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသူကျောင်းသား ၁၀၀ နီးပါးက ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကြွေးကြော်ပြီး တောင်းဆိုခဲ့ကြပါတယ်။

လာမယ့် ၄ ကြိမ်မြောက် ရုံးချိန်းကိုတော့ မေလ ၁၅ ရက်နေ့မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။