မြတန်ဆောင်းဆရာတော်နောက် ဆက်တွဲတစ်ဦးအမှုဖွင့်ခံရ


2017.05.07
aa-football-poster-620.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလား ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီနိုင်းပိုစတာကို ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်နေ့က လာရောက်ဖြုတ်သိမ်းစဉ်
Photo: Mrata Zaung

မြောက်ဦးမြို့မှာ ရခိုင့်တပ်မတော် AA ၈ နှစ်ပြည့်အထိမ်းအမှတ် ဘောလုံးပွဲကို ဦးဆောင်ကျင်းပတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော်အမှုနဲ့ ဆက်နွယ်ပြီး မြောက်ဦးမြို့ခံတစ်ဦးကို တပ်မတော် က မြောက်ဦးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

စခန်းက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပြီး တစ်စုံတရာ အကြောင်းကြားတာမရှိသေးပေမယ့် နီးစပ်တဲ့ သူတွေဆီမှာ မေးမြန်းစစ်ဆေးတာတွေကို လုပ်ဆောင်နေတယ်လို့ အမှုဖွင့်ခံထားရတဲ့ ကိုအမ်းသားကြီး က ပြောပါတယ်။

"AA ကို အားပေးထောက်ခံတယ်ဆိုပြီး အမှုဖွင့်ထားတာဖြစ်တယ်။ ကျနော်ကို ဝရမ်းထုတ်ထားတယ်၊ ကျနော်နဲ့ နီးစပ်တဲ့သူတွေကို လာမေးတယ်။ စသုံးလုံးက။ ကျနော်က ကျနော်အိမ် တစ်အိမ်ထဲမှာ ပဲ နေတာမဟုတ်ဘဲ ဟိုသွားလိုက် ဒီသွားလိုက်ဆိုတော့ မတွေ့ဘူး"

AA တပ်မတော် ၈ နှစ်ပြည့် ဘောလုံးပွဲဆိုပြီး မြတန်ဆောင်း ဆရာတော်က ကျင်းပခဲ့ရာမှာ ဖမ်းဆီးခံရပြီး ကိုအမ်းသားကြီးက ဘောလုံးပွဲကို ဆက်လက်ဦးစီးပြီး ကျင်းပခဲ့တဲ့အတွက် အမှုဖွင့်ခံရတာ ဖြစ်နိုင်ကြောင်းနဲ့ သူ့အနေနဲ့ အမှုကို ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

ကိုအမ်းသားကြီးကို မြတန်ဆောင်း ဆရာတော်ကို တရားလိုလုပ်ပြီး တိုင်ကြားခဲ့တဲ့ မြောက်ဦးမြို့ အခြေစိုက် ခမရ - ၅၄၀ ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်တာဖြစ် တယ်လို့ မြောက်ဦးမြို့နယ် ရဲစခန်းက ပြောပါတယ်။ ဘောလုံးပွဲ ကျင်းပခဲ့တဲ့ မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို မတရားအသင်း အားပေးထောက်ခံမှုတွေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ဖမ်းဆီးထားတာပါ။

သူတို့ကို ပြန်လွှတ်ပေးဖို့ စစ်တွေမြို့မှာ လူအင်အား ၂၀၀ ကျော် က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။