ယင်းမာပင် နှောရိုးရွာမှာ ရဟန်း တစ်ပါး အပါအဝင် ရှစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ နှောရိုးရွာက ရဟန်းတစ်ပါးနဲ့ ဒေသခံ အမျိုးသား စုစုပေါင်း ရှစ်ဦးကို မတ်လ ၂၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့ကတည်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါး ရွာထဲကို ရောက်နေတာဖြစ်ပြီး ဒီနေ့မှာတော့ ရိုက်နှက်ဖမ်းသွားတာဖြစ်သလို ဘုန်းကြီးကိုလည်း လူဝတ်လဲသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့မနက် အစောကြီး ကား ၁၁ စီးနဲ့ စစ်သားတွေ ရောက်လာတယ်။ ရွာထဲမှာ လက်နက်တွေ ရှိတယ်ဆိုပြီး တစ်ရွာလုံး ပိတ်ရှာတာ။ ထွက်ပြေးချိန် မရကြဘူး။ ဒီမနက်တော့ ပြန်ထွက်သွားတဲ့အချိန် ဘုန်းကြီးနဲ့ ရွာသားတွေကို ဖမ်းခေါ်သွားတယ်"
အဖမ်းခံရသူတွေအားလုံးကို ယင်းမာပင် ရဲစခန်းဆီ ခေါ်သွားတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
မတ် ၂၁ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် မမ္ဘရာဘုန်းကြီးကျောင်းနဲ့ ရေဝန်း ကျောင်းတိုက်မှာ ပုန်းရှောင်နေရတဲ့ ဒေသခံ အမျိုးသား အယောက် ၃၀ ကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားပြီး ဒီနေ့အထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်လို့မရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိ ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေ နေ့စဉ် စစ်ကြောင်း ထိုးနေတာကြောင့် လေးရွာ၊ ရွာထောင်၊ နှောရိုး၊ ကောင်းဆင့်၊ မြို့ကြီး၊ မြေကျက်ဆူ၊ ပြန်လှည့် အပါအဝင် ၁၀ ရွာလောက်က ဒေသခံ သုံးသောင်းနီးပါး နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးနေရပါတယ်။
ယင်းမာပင်မြို့နယ်ကို စစ်ကောင်စီဘက်က အင်တာနက် ဖြတ်တောက်ထားတာ ခြောက်လနီးပါး ရှိပါပြီ။