ရမန်နဲ့ အာမခံမပေးတဲ့ကိစ္စ တရားရုံးမှာတင်ပြမည်


2017.06.04
khinmaungmyint-620.jpg ရှေ့နေဦးခင်မောင်မြင့်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဖမ်းဆီးထားတဲ့ အမှုအတွက် ဗဟန်းမြို့နယ်တရားရုံးက ရုံးပိတ်ရက် စနေနေ့မှာ ရမန်ပေးခဲ့တာဟာ ဥပဒေနဲ့ညီညွတ်ခြင်း ရှိမရှိကို မနက်ဖြန် အနောက်ပိုင်း ခရိုင်တရားရုံးမှာ တင်ပြမေးမြန်း သွားမယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အာမခံလျှောက်ထားမှုကို ပယ်ချခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးလည်း တင်ပြမေးမြန်းသွားမှာဖြစ်တယ် လို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။

"မနက်ဖြန်မှာတော့ အနောက်ပိုင်းခရိုင်တရားရုံးမှာ စနေမှာ ရုံးဖွင့်ပြီးဆောင်ရွက်ခြင်းသည် ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ၊ နောက်တခါ မြို့နယ်တရားသူကြီးရဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ( ဃ) ဟာ အာမခံပေးနိုင်တဲ့အမှုမဟုတ်ဘူးဆိုပြီး အာမခံကို ပယ်ချခဲ့ခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှုရှိမရှိကို ကျနော်တို့ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီတင်ပြချက်က ပြင်ဆင်ဖို့လည်း မဟုတ်သလို အယူခံဖို့လည်းမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအမှုက တရားစွဲဆိုပြီး တရားရုံးကို မရောက်သေးတဲ့အတွက် တင်ပြချက်အနေနဲ့ပဲ ကျနော်တို့ တင်ပြသွား မှာဖြစ်ပါတယ်"

တရားရုံးလက်စွဲ အပိုဒ် ၈ မှာ အထူးအရေးကြီးသော ကိစ္စများမှတပါး စနေ၊ တနင်္ဂနွေမှာ လုံး၀ ရုံးမထိုင် ရလို့ ပြဌာန်းထားတယ်လို့ပြောပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဟာ သာမာန်အမှုဖြစ်တာကြောင့် စနေနေ့မှာ တရားရုံးဖွင့်ပြီး ချုပ်ရမန်ပေးခဲ့တာဟာ တရားရုံးလက်စွဲနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ချုပ်ရမန်သတ်မှတ်ထားတဲ့ ဇွန် ၈ ရက်နေ့အထိ ဗဟန်းမြို့နယ် ရဲစခန်းအချုပ်မှာ ထားရှိမှာဖြစ် တယ်လို့ သိရပါတယ်။

တပ်မတော်ကို ဂုဏ်ပြု ရိုက်ကူးထားတဲ့ ပြည်ထောင်စုသစ္စာ ဇာတ်ကားနာမည်ကို ကျည်ထောင်စု သစ္စာဆိုတဲ့ အမည်ပြောင်းပြီး ရေးသားထားတဲ့ သရော်စာကို ပြီးခဲ့မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာ မှာ ဖော်ပြခဲ့တဲ့အတွက် တပ်မတော်က သတင်းစာအယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို ဗဟန်းရဲစခန်းမှာ အမှုဖွင့်ထား တာဖြစ်ပါတယ်။

အဲဒီသရော်စာရဲ့ ခေါင်းစဉ်နဲ့ သရော်စာမှာပါတဲ့ စစ်ပွဲတွေမှာ ငယ်သားတွေက တိုက်ခိုက်နေပေမယ့် ခေါင်းဆောင် ပိုင်းတွေက ဝိုင်ခွက်ချင်းတိုက်ပြီး ပခုံးဖက်နေ ကြတယ်ဆိုတဲ့ ကိစ္စကို တပ်မတော်ဘက်က ထောက်ပြခဲ့ပါတယ်။

ကျည်ထောင်စု သစ္စာ သရော်စာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း၊ ချောင်းဆုံတံတားကို လွှတ်တော်မှာ နာမည်ပေးတဲ့ ကိစ္စတွေကို သရော်ပြီး ရေးသားထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။