The Voice အမှု တိုင်ကြားလွှာ ကို ပြန်ရုပ်သိမ်းပေးဖို့ စာနယ် ဇင်းကောင်စီ ထုတ်ပြန်
2017.06.05

The Voice သတင်းစာ အယ်ဒီတာချုပ်နဲ့ သရော်စာရေးသားတဲ့ ဗြိတိသျှကိုကိုမောင်တို့အမှုကို မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီက ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း တရားစွဲဆို ဖမ်းဆီးလိုက်တဲ့အတွက် တပ်မတော်အနေနဲ့ တိုင်ကြားလွှာကို ပြန်လည်ရုပ်သိမ်းပေးဖို့ စာနယ်ဇင်းကောင်စီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
နှစ်လကျော်ကြာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘဲတ ရားစွဲလိုက်တာကြောင့် သတင်းမီဒီယာ ဥပဒေအရ ကောင်စီက ဆက်လက်ညှိနှိုင်းခွင့် မရှိတော့ကြောင်းနဲ့ ပြန်ရုပ်သိမ်းပေးဖို့ အခုလိုကြေညာချက်ထုတ်ပြန်တာလို့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးအောင်လှထွန်း က ပြောပါတယ်။
"နှစ်လကျော်လောက် ကြိုးစားခဲ့ရတဲ့ပေါ့၊ ကျနော်တို့ ကြိုးစားခွင့်ရခဲ့တယ် ဖြစ်ချင်တော့ ဟိုဘက်က အရေးယူလိုက်တယ်၊ လုပ်နေတုန်းမှာပဲ ရဲစခန်းမှာ တရားစွဲလိုက်တာကိုး၊ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြတဲ့အတိုင်းပါပဲ"
ကျည်ထောင်စုသစ္စာ သရော်စာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က တပ်မတော်ကိုယ်စား ဒုတိယ ဗိုလ်မှူးကြီးထွန်းထွန်းဦးက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ကောင်စီကိုတိုင်ကြားပြီးနောက် ပြစ်မှုကြောင်းအရဖြစ်စေ တရားမကြောင်းအရဖြစ်စေ ရုံးတင်စွဲဆိုလိုက်ရင် ကောင်စီကို တိုင်ကြားထားတဲ့စာကို ရုပ်သိမ်းရမယ်လို့ သတင်းမီဒီယာဥပဒေမှာ ပါရှိတဲ့အတွက် တိုင်ကြားစာကို ပြန်လည်ရုပ်သိမ်းပေးဖို့ တပ်မတော်ထံ ဒီနေ့အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့လည်း ကြေငြာချက်မှာ ပါရှိပါတယ်။
ရေးသားသူ ဗြိတိသျှ ကိုကိုမောင် နဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ တို့ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ဗဟန်းရဲစခန်းမှာ ၆၆ ဃ နဲ့ အမှုဖွင့်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
တပ်မတော်က ရိုက်ကူးတဲ့ ပြည်ထောင်စုသစ္စာ အမည်နဲ့ ရုပ်ရှင်ကားကို ကျည်ထောင်စုသစ္စာ အမည်နဲ့ မေလ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြပါရှိခဲ့တာဖြစ်ပါတယ်။