The Voice အမှု အာမခံ ပယ်ချခံရ


2017.06.08
kyawminswe-the-voice-620.jpg The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့ကို ဇွန်လ ၈ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Thant Zin Oo/RFA

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် တို့ကို အာမခံပေး နိုင်လောက်တဲ့ အချက်အလက် မပြည့်စုံလို့ဆိုပြီး ဗဟန်းမြို့နယ် တရားသူကြီးက အာမခံ ထပ်မံပယ်ချလိုက်ပါတယ်။

အာမခံရဖို့အတွက် ရှေ့ဆက်ပြီး အထက်တရားရုံးတွေကို ဆက်တက်သွားမယ်လို့ ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင် တို့ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။

"တစ်စုံတခု အဖွဲ့အစည်းတစ်ခုက လွှမ်းမိုးနေသလား၊ ဒါကျနော်တို့ မှတ်ချက်မပြုနိုင်ပါဘူး၊ မှတ်ချက်လည်း မပြုပါဘူး၊ ကျနော်တို့မှာ ခိုင်မှာသောအထောက်အထားမရှိလို့၊ သို့သော် တရားစွဲအဖွဲ့အစည်းနဲ့ တရားရုံးတွေ တရားစီရင်ရေး ယန္တရားမှာပါသော ပုဂ္ဂိုလ်တွေကတော့ တည်ဆဲဥပဒေများနဲ့ လွှဲမှားပြီး ဆောင်ရွက်နေတယ် ဆိုတာကတော့ ကျနော်တို့ပြောနိုင်ပါတယ်၊ အာမခံရဖို့ အထက်အဖွဲ့အစည်းတွေကို ကျနော်ဆက်လက်ဆောင် ရွက်သွားပါမယ်"

ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ပထမဆုံးအာမခံရဖို့ တင်ပြခဲ့ရာမှာ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင် တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ မပြီးသေးတဲ့အတွက် ရဲစခန်းက ချုပ်ရက်ရမန်ကို တစ်ပတ်ထပ်ယူထားတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

တရားရုံးထုတ်မှာပဲ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပေးဖို့အတွက် သတင်းမီဒီယာသမားတွေ စုပေါင်းပြီး သတင်းမီဒီယာလွတ်လပ်မှုရှိရမည် ဆိုတဲ့ စာတန်းပါတဲ့ လက်ပတ် အဖြူတွေပတ်ပြီး လက်ပတ်ဖြူလှုပ်ရှားမှုကို စတင်လိုက်ပါတယ်။ အဲဒီလှုပ်ရှားမှုကို ၁ဝ ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ်The Voeice နေ့စဉ်သတင်းစာမှာ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် ရေးသားတဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာကို ဖော်ပြခဲ့တဲ့အတွက် တပ်မတော်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင် တို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့ကို လာမယ့် ဇွန်လ ၁၆ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာ အာမခံထပ်မံလျှောက်ထားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။