ကျပ်သန်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းမိ


2016.02.24
drug-tachilake-620.jpg တာချီလိတ်မြို့မှာ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားခံနှစ်ဦးကို တွေ့ရစဉ်
Photo: တာချီလိတ်မူးယစ်(Facebook)

မြန်မာကျပ်ငွေ သန်းပေါင်း တစ်သောင်းငါးထောင်ကျော်တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြား ခြောက်သန်းကျော်ကို ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ တာချီလိတ်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တရားခံတွေနဲ့အတူ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယာဘ လို့ ခေါ်တဲ့ ဒီမူးယစ်စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတာက အခု ၂၀၁၆ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် အများဆုံးဖမ်းဆီးရမိတာဖြစ်ပြီး မူးယစ်စိတ်ကြွဆေးပြား ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ တာချီလိတ်မြို့နယ် မူးယစ်ရဲတပ်ဖွဲ့က ဒုတပ်ကြပ် တိုးမြင့်အောင် က RFA ကို အတည်ပြု ပြောပါတယ်။

"၂၃ ရက်နေ့ ၁ဝ နာရီခွဲမှာ ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ရှာဖွေစစ်ဆေးနေတဲ့အချိန်မှာ တာချီလိတ်ဘက် ကနေ မဲခေါင်မြစ်ကြောင်းဘေးပေါ့ ဝမ်ပုံဆိပ်ကမ်းဘက်ကို မောင်းလာတာ သူတို့ရဲ့ သဲတင်ဆောင်လာတဲ့ကားကို ရပ်တန့်စစ်ဆေးရှာဖွေတဲ့အခါမှာ အံဝှက်လုပ်ထားတဲ့ပုံစံ တွေ့နေတဲ့အခါကျတော့ ဖွင့်ဖောက်စစ်ဆေးလိုက် တယ်ပေ့ါ၊ အံဝှက်ထဲကနေပြီးတော့မှ အထုတ်ကြီး ၃ဝ ထုတ်ပါတဲ့ ကျောပိုးအိတ်အကြီး ၃၅  လုံး ဖမ်းဆီးရမိ တာပေါ့၊ ကာလတန်ဖိုးက ကျပ်သန်းပေါင်း ၁၅၇၅ဝ တန်ဖိုးရှိတာပေါ့"

မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကတော့ တာချီလိတ်မြို့ မိုင်းဖုန်းကအုပ်စုက ဝမ်တုံကျေးရွာမှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် အိုက်ကျွမ်ဆိုသူနဲ့ အသက် ၂၀ အရွယ် အိုက်ကစ်အမည်ရှိ ရှမ်းလူမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးပိုင်ရှင်ဟာ တစ်ရွာတည်းနေ အိုက်ဟိုပိန်းနဲ့ ဒေါ်နန်းပေါက်တို့ ဖြစ်တယ်ဆိုတာ စုံစမ်းသိရှိရလို့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးပိုင်ရှင်တွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ အဲဒီနေအိမ်က လက်လုပ်သေနတ်တစ်လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရမိ ခဲ့တယ်လို့လည်း ရဲဒုတပ်ကြပ် တိုးမြင့်အောင်က ဆက်ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံတွေကိုတော့ စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါး ပုဒ်မတွေနဲ့ ဝမ်ပုံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။