စစ်အစိုးရတပ်က SSA မြောက်ပိုင်းတပ်များကို တိုက်ခိုက်
2010.09.22

နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ SSA မြောက်ပိုင်းတပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ SSA တောင်ပိုင်းတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက အခုလို ပြောပါတယ်။
“အခြေအနေတွေ တင်းမာလာပြီးတဲ့ နောက်ပိုင်း တိုက်ပွဲတော့ နှစ်ကြိမ် ဖြစ်ခဲ့ပြီးပါပြီ။ ဒီလ ၁၄ ရက်နေ့မှာ တကြိမ်ရယ်၊ ဒီလ ၂၀ ရက်နေ့မှာ တကြိမ်ရယ် နှစ်ကြိမ်ဖြစ်ခဲ့ပြီးပါပြီ ခင်ဗျ။ ဒီ SSA မြောက်ပိုင်း ဗိုလ်ချုပ်တို့ နေတဲ့ တဝိုက်ပေါ့နော်။ သူတို့ အုပ်ချုပ်နေတဲ့ နယ်တွေမှာဆိုရင် နအဖ တပ်တွေကတော့ အင်အားတွေ ဖြန့်ကျက်လာတာ ရှိသလို တဖက်မှာလည်း အဲဒီ အရင်တုန်းကလို ရွာတွင်းမှာ မနေတော့ပဲနဲ့ တောထဲမှာ တောင်ထဲမှာ တပ်လှန့်ပြီးတော့ နေထိုင်နေကြပါတယ်လို့ သတင်း ရရှိပါတယ်။”
SSA မြောက်ပိုင်းတပ်တွေကို မြန်မာစစ်အစိုးရရဲ့ တပ်မ ၅၅ လက်အောက်ခံတပ်တွေက စက်တင်ဘာ လဆန်းကတည်းက ဝိုင်းရံထားခဲ့ပြီး ၊ အဲဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
SSA မြောက်ပိုင်း နယ်မြေအတွင်း အခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အသေးစားတိုက်ပွဲတွေ ဖြစ်ပြီး ၊ အပစ်ရပ် SSA မြောက်ပိုင်းကို အပြတ်ရှင်းမဲ့ စစ်ပွဲမျိုး မဟုတ်သေးဘူးလို့ SSA တောင်ပိုင်းတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက သုံးသပ်ပြောဆိုပါတယ် ။