စစ်ခုံရုံးဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့ တပ်မတော်ပြော
2019.11.24

ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စစ်ခုံရုံးရဲ့ စစ်ဆေးအရေးယူမှုတွေကို ဆက်လက်စောင့်ကြည့်ဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၆ အောက်တိုဘာလက တစ်ကြိမ်၊ ၂၀၁၇ သြဂုတ်လကတစ်ကြိမ် ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး တန်ပြန်ဆောင်ရွက် ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တိုင်ကြားထားပါတယ်။
ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံဘက်က တင်ပြချက်ကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြားနာမှာဖြစ်ပြီး ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို ကြားနာမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ရမယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်စတဲ့ အစိုးရ ခေါင်းဆောင်တွေအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ မနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ နိုင်ငံကို တရားစွဲတာဖြစ်လို့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပုံမှန်ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲတွေမှာ တာဝန်ရှိသူ သုံးဦးသာ ဖြေကြားတာဖြစ်ပေမယ့် ဒီနေ့မှာ တပ်မတော်ဥပဒေ၊ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို စစ်ဥပဒေချုပ်ရုံးက ဒုတိယစစ်ဥပဒေချုပ် အပါအဝင် ဗိုလ်မှူးကြီး တစ်ဦးက လာရောက်ရှင်းလင်းခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်တွေထဲမှာ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှာ ပါဝင်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုတွေအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး တာဝန်ရှိတယ်လို့ ပါရှိကြောင်း၊ ဒါ့အပြင် လျှောက်ထားချက်တွေမှာတော့ လူမျိုးတုံး သတ်ဖြတ်မှု ကြံစည်လှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း၊ တားမြစ်ရန် ပျက်ကွက်ခြင်း၊ ကျူးလွန်သူတွေကို အပြစ်ပေးရန် ပျက်ကွက်ခြင်း စတဲ့ အချက်တွေပါဝင်ကြောင်းနဲ့ တဆက်တည်း တောင်းဆိုထားတဲ့ အချက်တွေထဲမှာတော့ ၁၉၄၈ မှာ ချမှတ်ပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်မှု ဥပဒေကို လိုက်နာအကောင်အထည်ဖော်တဲ့အနေနဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး ဆောင်ရွက်ရန်၊ သက်သေအချက်အလက်တွေကို မြန်မာနိုင်ငံအနေနဲ့ ဖျက်ဆီးခြင်း မပြုရန် စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အဓိကကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ဒုက္ခသည် ခုနှစ်သိန်းကိစ္စ၊ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံဟာ ICJ မှာ တရားစွဲခံထားရတာပါ။ ဒီကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမှာဖြစ်ပါတယ်။ တပ်မတော်ဘက်က ဘယ်လိုရာထူး အဆင့်မျိုးနဲ့ လိုက်ပါရင်ဆိုင်မလဲ ဆိုတာကတော့ အစိုးရက ညွှန်ကြားတဲ့ အပေါ် မူတည်တယ်လို့ ဗိုလ်ချုပ် သောင်းနိုင်က ပြောပါတယ်။
၂၀၁၇ ခုနှစ်က မောင်တောမြို့နယ် အင်းဒင်ရွာက လူသတ်မှု အပါအဝင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က စစ်ခုံရုံးဖွဲ့ပြီး ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတကာက သံသယတွေနဲ့ ဝေဖန်ချက်တွေလည်း ဆက်ရှိနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးဆွေ ဆောင်ရွက်စဉ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ တပ်မတော်သားတွေကို စစ်ခုံရုံးမှာ စစ်ဆေးပြီး အရေးယူမှုတွေအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ဘယ်လိုလုပ်ဆောင်သွားမလဲလို့ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ပါတယ်။
ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စစ်ခုံရုံးရဲ့ အရေးယူဆောင်ရွက်ချက်တွေကို နိုင်ငံတကာက ဆက်လက်စောင့်ကြည့်ဖို့ ပြောပါတယ်။
တပ်မတော်သားတွေ လူ့အခွင့်အရေး ချိုးဖောက်မူတွေနဲ့ ပတ်သက်လို့ ၁၉၅၉ တပ်မတော် ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်လို့ ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ဆက်ပြောပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ မနေ့က ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ TNLA ရဲ့ လက်နက်အမြောက် အမြားကို တပ်မတော် သိမ်းဆည်းရမိခဲ့တဲ့အကြောင်းလည်း အကျယ်တဝင့် ရှင်းလင်းခဲ့ပါတယ်။
လက်နက်အမြောက်အများ သိမ်းဆည်းမိခဲ့တဲ့ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာဟာ TNLA အဖွဲ့က စစ်ဦးစီးချုပ် နေထိုင်ခဲ့တဲ့ နေရာဖြစ်ကြောင်းနဲ့ အဲဒီ လက်နက်တွေထဲမှာ FN-6 လေယာဉ်ပစ် တစ်လက်ပါဝင်ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ခုနှစ်သောင်းခွဲကနေ ကိုးသောင်းကြားရှိကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
ဖမ်းဆီးမိတဲ့ လက်နက်တွေထဲမှာ တရုတ်နိုင်ငံလုပ် လက်နက်တွေ အတော်များများ ပါနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။ အဲဒီလက်နက်တွေဟာ တရုတ်နိုင်ငံထုတ်လို့ ဆိုတဲ့အတွက် ဘယ်လမ်းကြောင်းကနေရသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ တရားမဝင် လမ်းကြောင်းတွေကရတာဖြစ်တယ်လို့ ဆိုပါတယ်။
TNLA သတင်းနဲ့ပြန်ကြားရေး ဗိုလ်မှူး မိုင်းအိုက်ကျော်က တိုက်ပွဲပြင်းထန်ခဲ့တာ မှန်ကန်ကြောင်းနဲ့ တပ်မတော် ဘက်က ထိုးစစ်ပြင်းထန်လာတဲ့အတွက် တပ်စခန်းတစ်ခု ရွှေ့ပြောင်းလိုက်ပြီး ကျန်ခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေကို တပ်မတော်က သိမ်းဆည်းသွားခဲ့ကြောင်း RFA ကို မနေ့က ဖြေကြားခဲ့ပါတယ်။
သေနတ်ပေါင်း ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၉၀၀ နီးပါးနဲ့ ဆက်စပ်တဲ့ စစ်လက်နက်ပစ္စည်းတွေအပြင် TNLA ယူနီဖောင်းမျိုးစုံထည့်ထားတဲ့ အိတ်အကြီး ၇၇ အိတ် သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း ရပ်တန့်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ပြန်လည်စတင်ဖို့နဲ့ ၂၁ ရာစု ပင်လုံအစည်းအဝေး ဆက်လက်ကျင်းပဖို့ သဘောတူခဲ့တာရှိတယ်လို့ တပ်မတော်ဘက်က ပြောခဲ့ပါတယ်။