AA စွပ်စွဲချက်ကို တပ်မတော် တုံ့ပြန်


2019.02.19
tuntunhein-622.JPG AA ရဲ့ ၄/၂၀၁၉ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ်
Credit: AA

အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပုဂ္ဂလိကပိုင်းဆိုင်ရာနဲ့ ယာယီတာဝန်ကိစ္စတွေကလွဲပြီး စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ အရပ် သား ခရီးသည်တင်ယာဉ်တွေကို တပ်မတော်သားတွေ အသုံးပြုတာ မရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ တပ်၊ လူ၊ ရိက္ခာ၊ လက်နက် အပြောင်းအရွှေ့တွေအတွက် အစိုးရတပ်မတော်က စစ်ကားတွေကို အသုံးမပြုဘဲ အရပ်သားခရီးသည်တင်ကားတွေကို အသုံးပြုပြီးရွှေ့နေ တာတွေ လုပ်ဆောင်နေတယ်ဆိုပြီး ရခိုင့်တပ်မတော်AA က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်အပေါ် တပ်မတော် ဘက်က တုန့်ပြန်ပြောကြားလိုက်တာပါ။

AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ အစိုးရတပ်မတော်သားတွေအနေနဲ့ အရပ်သားပိုင် မော်တော်ယာဉ်တွေ၊ ခရီးသည် တင်ယာဉ်တွေကို အသုံးပြုပြီး အရပ်သားတွေနဲ့အတူရောနှော သွားလာနေတာဟာ အရပ်သားများ လုံခြုံရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်း ဥပဒေတွေကို ဖောက်ဖျက်နေတာလို့ ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် မော်တော်ယာဉ်လိုင်းပိုင်ရှင်တွေအနေနဲ့လည်း ခရီးသည်အဝင်အထွက်စာရင်းတွေကို ရခိုင့်တပ်မတော်ရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ arakanarmy@yeah.net နဲ့ arakanidp@163.com တို့ကို အချိန်နဲ့ တပြေးညီပေးပို့ဖို့လည်း AA က တိုက်တွန်းထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

“ပြည်သူလူထုရဲ့ လွတ်လပ်စွာခရီးသွားလာခွင့်နဲ့ လမ်းပန်းဆက်သွယ်ရေးတွေအတွက် အနှောင့်ယှက်ဖြစ်တာပေါ့။ ဒီဒေသမှာ လက်နက်ကိုင်သောင်းကျန်းမှု ပေါ်လာတာမကြာသေးပါဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့မှာ ဒီလိုမျိုး ထုတ်ပြန်လာတာ ကျနော်တော့ မတွေ့ဘူးဘူးခင်ဗျ။”

အီးမေးလ်လိပ်စာအပြင် ဆက်သွယ်လို့ရမယ့် Viber ဖုန်းနံပါတ်တွေကို နည်းလမ်းရှာပြီး ထပ်မံအသိပေးသွား မှာဖြစ်သလို AA ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင် နောက်ဆက်တွဲဟာ မော်တော်ယာဉ် လိုင်းပိုင်ရှင်တို့ရဲ့ တာဝန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

AA ရဲ့ အခုလိုတောင်းဆိုချက်ကို ယာဉ်လုပ်ငန်းပိုင်ရှင်တွေက လိုက်နာဆောင်ရွက်မယ်ဆိုရင် တည်ဆဲဥပဒေအရ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရနိုင်ခြေရှိပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဒေသခံ ယာဉ်လိုင်းပိုင်ရှင်တွေဆီကို ပျံ့နှံ့ရောက်ရှိမှုတော့ အားနည်းနေပါသေးတယ်။

“မရှိပါဘူး။ ကျနော်တို့တော့ မသိပါဘူး။ အဌားရှိရင် ကားသမားမှာတော့ အကုန်လုံးလိုက်မှာပဲ။ လမ်းပန်းဆက်သွယ်ရေးလည်း ကျနော်တို့ အခုသွားနေတာပဲ။ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ခရီးသည်ပါဖို့လိုတယ်။ ကားပေါ်မှာ ကျန်တာဘာမှမရှိဘူး။”

ဒါကတော့ စစ်တွေကနေ ရခိုင်ပြည်နယ်အတွင်းက တခြားမြို့တွေကို ပြေးဆွဲနေတဲ့ အမည်မဖော်လိုတဲ့ မှန်လုံယာဉ်မောင်း တစ်ဦးရဲ့ ပြောကြားချက်ကို ကြားခဲ့ရတာပါ။

AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာမှာတော့ နောက်မှ ပြန်လည် ဆက်သွယ်ဖို့ ပြောပါတယ်။

RFA က စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင် စတဲ့မြို့တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် မှန်လုံယာဉ်မောင်းတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တပ်မတော်သားတွေအနေနဲ့ ခရီးသည်တင်လိုက်ကားတွေကို စီးနင်းတာတွေ ရှိပေမယ့် လက်နက်သယ်ယူတာမျိုးတွေမရှိဘူးလို့ ပြောပါတယ်။

RFA က ဆက်သွယ်မေးမြန်းထားမှုဟာ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ခြင်းတော့ မရှိပါဘူး။

AA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးထွန်းအောင်ကျော်ကို မေးမြန်းကြည့်ရမှာ ထုတ်ပြန်ချက်ကို အတိအကျမသိသေးဘူးလို့ပြောသလို ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် က AA ရဲ့ ထုတ်ပြန်ချက်ကိုဖတ်ရှုပြီး ဖြစ်ပေမယ့် မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက AA ရဲ့ ထုတ်ပြန်ချက်အပေါ် အခုလို မှတ်ချက်ပေးပါတယ်။

“ဘယ်ဘက်က ခြိမ်းခြောက်၊ ခြိမ်းခြောက် လက်နက်ကိုင်က ခြိမ်းခြောက်လို့ရှိရင်တော့ ကြောက်ကြမှာပဲ။ လက်နက်ရှိတဲ့သူကို လက်နက်မရှိတဲ့သူက။ ပြည်သူကို ဘယ်လိုနည်းနဲ့မှ ထိခိုက်အောင်မလုပ်ဖို့က ခေါင်းဆောင်များရဲ့တာဝန်ပဲ။ ကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကိုပဲ ရေရှည်မှာ ယုံကြည်အားကိုး ကြပါလိမ့်မယ်”


ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေထဲမှာ ဒေသခံတွေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရမှုတွေလည်း ပါဝင်ပါတယ်။

အခုဆိုရင် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ ၁၇ (၁) နဲ့ တရားစွဲခံရသူ ၂၅ ဦးကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။