ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ

2021.02.01
ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ
.

ဒီစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သူ့ရဲ့ကိုယ်စားလှယ်တစ်ဦးနဲ့ ပေးပို့ခဲ့တယ်လို့ ခိုင်လုံတဲ့ အစိုးရသတင်းရပ်ကွက်က RFA ကို အတည်ပြုပြောကြားပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
~~~~~~~~~~~~~~

တပ်မတော်၏လိုလားချက်

ရက်စွဲ ၂၈.၁.၂၀၂၁

၁။     ၂၀၂၀ ပြည့်နှစ်၊ နိုဝင်္ဘာလ (၈) ရက်နေ့တွင် ကျင်းပပြလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မူလမဲစာရင်းများအား မြို့နယ်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲစာရင်းများအား ပြန်လည်စိစစ်ခဲ့ရာ ယနေ့အထိ အမည်စာရင်း ထပ်နေခြင်း၊ မှတ်ပုံတင်အမှတ်တူညီနေခြင်း၊ အသက် (၁၀၀) နှစ် ကျော်နေသူများစွာ ပါဝင်နေခြင်း စသဖြင့် အချက်အလက်တူများ ဖော်ထုတ် စိစစ်တွေ့ရှိရပါသည်။ တွေ့ရှိချက်အရ စာရင်းထပ်နေမှုသည် (၁၀,၄၈၂,၁၁၆) ဦးခန့် ထပ်နေသဖြင့် အဆိုပါ မသင်္ကာဖွယ်တွေ့ရှိမှုအပေါ် ပြန်လည်၍ အဖွဲ့စုံဖြင့် စစ်ဆေးပေးရန်။

၂။     ထိုသို့ မဲစာရင်း ထပ်နေမှုအား စစ်ဆေးရာတွင် "UEC" မှ အဓိက ဆောင်ရွက်ရမည်ဖြစ်သော်လည်း "UEC" အား ယုံကြည်ရသည့်အဆင့် မရှိသဖြင့် "UEC" အသစ်အား အသစ်ပြန်လည်ဖွဲ့စည်းပေးရန်နှင့် ဖွဲ့စည်းရာတွင် တပ်မတော်၏ အကြံပြုသည့် သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များကိုလည်း ထဲ့သွင်း ဖွဲ့စည်းပေးရန်။

၃။     မဲစာရင်းများ မသင်္ကာဖွယ် အမြောက်အများ ကိန်းဂဏန်းမှားယွင်းမှုအပေါ် "UEC" ကော်မရှင်အဖွဲ့ အသစ်ဖြင့် စစ်ဆေးစဉ်ကာလအတွင်း တတိယအကြိမ်လွှတ်တော် ခေါ်ယူကျင်းပမှုအား နိုင်ငံတော် သမ္မတ၏ အခွင့်အာဏာအရ ဆိုင်းငံ့ပေးပါရန်နှင့် လိုလားချက်များအား ယနေ့ (၂၈.၁.၂၀၂၁) ရက်နေ့မှ စတင် ဆောင်ရွက်ပေးနိုင်ပါရန်။

၄။     တပ်မတော်၏ စစ်ဆေးတွေ့ရှိချက် ဦးစီးဇယားတစ်စုံကိုလည်း ဤစာနှင့်အတူ ပူးတွဲပေးပို့ပါသည်။

၅။     တပ်မတော်၏ လိုလားချက်အပေါ် တုန့်ပြန်အရေးယူ ဆောင်ရွက်ခြင်းမပြုပါက ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တပ်မတော်မှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။