ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


2015.01.16

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေကျေးရွာအနီးမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်တွေအကြား ဒီနေ့ ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတွေ က ပြောပါတယ်။

အောင်ဘာလေရွာထိပ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေ ပြီး ဒေသခံရွာသားတွေက ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ အောင်ဘာလေရွာသူတစ်ဦးက အခုလိုပြောပါတယ်။

"ရွာထိပ်မှာဖြစ်နေတယ်၊ ရွာထိပ်မှာ အောင်ဘာလေ ရွာထိပ်မှာ၊ ကျမတို့ကလည်း ပုန်းနေရတယ်ဗျို့၊ ရွာသားတွေက မထိခိုက်ဘူး၊ ဘာမှ မထိခိုက်ဘူး၊ အခုလောလောဆယ်က ပစ်ခတ်နေကြတာ ရှိတယ်၊ ကေအိုင်အေတပ်တွေက ရွာရဲ့ဟိုဘက်ထိပ်ရောက်သွားပြီ၊ အခု ဘုန်းကြီးကျောင်းမှာနေနေတယ်၊ အခုရွာထဲမှာပစ်နေလို့ လှုပ်ကိုမလှုပ်ရဲဘူး၊ ကျမတို့အိမ်မှာတောင်မနေရဲပဲ လူကြားထဲဝင်ပုန်းနေရတယ်၊ ဖုန်းလည်းမဆက်ရဲဘူးဖြစ်နေတယ်၊ ခဏနေမှ ပြောရအောင်ဟေ့၊ အခုလောလောဆယ်က တဗုန်းဗုန်းပဲ"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား မနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းကို ပိတ်လိုက်ပြီလို့ မြစ်ကြီးနားမြို့က မော်တော်ယာဉ်လိုင်း တာဝန်ခံတွေက ပြောပါတယ်။ မနေ့က ကာမိုင်းအထိ ကားတွေသွားနိုင်ပေမယ့် ဒီနေ့မှာတော့ အတက်အဆင်း မရှိတော့ဘူးလို့ မြစ်ကြီးနား-ဖားကန့်ကားဂိတ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"မြစ်ကြီးနားကို ဝင်ရောက်လာတာ မရှိတဲ့အတွက်ကြောင့် အတက်အဆင်း ပိတ်ထားတယ်လို့ အဲ့လိုယူဆလို့ရတယ်၊ အဓိကကတော့ အဲဒီ့တိုက်ပွဲကြောင့်ဖြစ်မယ်လို့ ကျနော်တို့သိရပါတယ်"

ပြီးခဲ့တဲ့၂၀၁၂ခုနှစ်ကလည်း ဖားကန့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းတွေကို ၇ ရက်နီးပါးကြာ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ လုံးခင်းရဲစခန်းကို မနေ့ညက အမည်မသိ ဆိုင်ကယ်သမားတစ်ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ်တစ်ဦး စုစုပေါင်းသုံးဦး ထိခိုက်ဒါဏ်ရရှိခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ဒီလ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ကေအိုင်အေတပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးကို လွှတ်ပေးခဲ့ပေမယ့် ရဲဝန်ထမ်း ၃ ဦးကို ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ အစိုးရတာဝန်ရှိသူတွေကဆိုပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသ နန့်ပတဲကျေးရွာအနီးနဲ့ မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ်အတွင်းမှာလည်း အစိုးရနဲ့ကေအိုင်အေတပ်တွေအကြား ဒီနေ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ပွဲနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြစ်ကြီးနားမြို့အခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်းအောင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။