တပ်မတော်ဘက်က ပြောင်းလဲမှု ပိုမိုပြသဖို့ အမေရိကန် တိုက်တွန်း


2014.06.29
us-army-305 အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ၊ အမေရိကန်တပ်မတော် ပစ္စဖိတ်ဒေသရဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Anthony G. Crutchfield နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့က ဇွန်လ ၂၈ ရက်နေ့က သတင်းမီဒီယာ တစ်ချို့နဲ့တွေ့ဆုံစဉ်
Photo: Thiha Tun / RFA

လက်ရှိ အခြေအနေဟာ အမေရိကန် တပ်မတော် နဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေး တည်ဆောက်ဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း ဒါပေမဲ့ သတိကြီးကြီး ထားပြီး တည်ဆောက်သွားရမှာ ဖြစ်သလို မြန်မာ့ တပ်မတော်ဘက်က ပြုပြင်ပြောင်းလဲမှုတွေ ပြနိုင်ရင် အမေရိကန်ဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ ပို ပြီး ရှိလာမှာ ဖြစ်ကြောင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအချိန်ဟာ စစ်တပ်ချင်း ဆက်ဆံရေး တည်ဆောက်ဖို့ အချိန်ရောက်ပြီလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမေရိကန် အစိုးရ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က အခုလို ရှင်းပြခဲ့တာပါ။

"မိမိတို့အမေရိကန်တပ်မတော်နဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေးတည်ဆောက်ဖို့ အချိန်ရောက်ပါပြီ။ ဒါပေမယ့် သတိထားပြီးဆက်ဆံရေးတည်ဆောက်သွားမှာပါ။ မိမိတို့ခရီးစဉ်ကို လူ့အခွင့်အရေး စောင့် ကြည့်လေ့လာရေး အဖွဲ့ကလည်း ထောက်ခံအားပေးပါတယ်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ၊ တရားဥပဒေ စိုးမိုးရေး နဲ့ အရပ်သားအုပ်ချုပ်ရေးကို လက်ခံဖို့ တိုက်တွန်းလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်လို့" Mr Malinowski က ရှင်းပြခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်တပ်မတော် ပစိဖိတ်ဒေသကွပ်ကဲရေးက ဒုတိယ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield ကလည်း သူ့ရဲ့ မြန်မာနိုင်ငံအမျိုးသားကာကွယ်ရေး တက္ကသိုလ်မိန့်ခွန်းရဲ့ ရည်ရွယ်ချက် အကြောင်း ရှင်းပြခဲ့ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ လွှတ်တော်ဥက္ကဌတွေ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲအကြောင်းနဲ့ RFA ဝိုင်းတော်သား  ဦးဝင်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။