တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့
2019.09.21
စစ်တိုင်းငါးတိုင်းမှာ တပ်မတော်က နောက်ထပ် အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ ဖောက်ခွဲတိုက်ခိုက်မဲ့သတင်းနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ တပ်မတော်က စစ်တိုင်းငါးတိုင်းမှာ အပစ်ရပ်သက်တမ်းတိုးထားတဲ့ ကာလဟာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကုန်ဆုံးပြီဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA တအာန်းတပ်ဖွဲ့၊ AA ရခိုင့်တပ်တော်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့က တဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး နာရီပိုင်းအတွင်း တိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နောက်ထပ်အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာသေးဘူးလို့ တပ်မတော်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ဒီအဖွဲ့သုံးဖွဲ့က အပစ်ခတ်ရပ်စဲရေး ကြေညာထားတာရှိတယ်။ အဲဒီလိုကြေညာပြီး နာရီပိုင်းအတွင်း လေးငါးနာရီအကြာမှာပဲ ဘူးသီးတောင်က တပ်ဌာနချုပ်တခုကို အဝေးကနေပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ တပ်မိသားစုဝင် နှစ်ယောက်၊ ကလေးငယ် နှစ်ယောက် ဒဏ်ရာရတယ်။ ဒါက နိုင်ငံတော်ကိုရော တပ်မတော်ကိုရော ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေကိုရော ပြည်သူတွေကိုပါ စော်ကားလိုက်တာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ခုချိန်မှာ ထုတ်ပြန်စရာ အစီအစဉ်မရှိပါဘူး”
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အပစ်ရပ်သက်တမ်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးတယ်ဆိုပြီး စက်တင်ဘာလ ၂ဝ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က တပ်စခန်းတခုကို AA အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တပ်မတော်ဘက်က အခုလို နောက်ထပ် သက်တမ်းတိုးဖို့ မသေချာသေးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက...
“တကယ်လို့ တပ်ဘက်က အပစ်ရပ်ကာလ ထပ်မတိုးရင် ဆော်မယ့်သဘောရှိတယ်။ အပြန်အလှန်ပေါ့။ ကြည့်ရတာက ငြိမ်းချမ်းရေးကိစ္စကို နှစ်ဖက် ကျိုင်းတုံမှာတွေ့တဲ့ နှစ်ပွဲလုံးမှာက တဖက်ကလိုလားချက်ကို တဖက်က အလျှော့ပေးမှာမဟုတ်ဘူး ဆိုတာမျိုး ခံစားရလို့လို့ ကျနော်ထင်တယ်”
တပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်းတွေမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက စပြီး စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းခဲ့ပြီး ၂ လတကြိမ် အပစ်ရပ် သက်တမ်းတိုးလာခဲ့ပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့မှာ ပြင်ဦးလွင်မြို့က တပ်အင်ဂျင်နီယာကျောင်း တိုက်ခိုက်ခံရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် အပစ်ရပ်ရေးနဲ့ တိုက်ပွဲတွေလျှော့ချဖို့အတွက် KIA ပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ သြဂုတ်လ ၃၁ ရက်နေ့မှာ တကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ တကြိမ် ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့ အပစ်ရပ် လက်မှတ်ထိုးဖို့အထိ သဘောမတူနိုင်သေးဘဲ ရှေ့ဆက် ဆွေးနွေးဖို့သာ သဘောတူညီခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာပဲ နေပြည်တော်မှာ ဖောက်ခွဲမှုတွေ ပြုလုပ်လာမဲ့သတင်း ရရှိထားတဲ့အတွက် လုံခြုံရေးအထူးဂရုစိုက်ဖို့ အစိုးရဌာနအသီးသီးကို သမ္မတရုံးက ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက...
“ကျနော်တို့တပ်မတော်အနေနဲ့ လုံခြုံရေးဆိုတာ ပိုတယ်မရှိတဲ့အတွက် ဂရုတစိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလျှို့ဝှက်တဲ့ စာရွက်စာတမ်းတွေ အွန်လိုင်းပေါ်တင်တာတော့ လုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ မလိုလားအပ်တဲ့အကျိုးဆက်တွေတွေ ဖြစ်နိုင်ဖို့မို့လို့ ဒါကတော့ အကုန်လုံးက ဆင်ခြင်ဖို့လိုမယ်လို့ ပြောချင်ပါတယ်”
အဲဒီစာထဲမှာ ဗုံးခွဲတိုက်ခိုက်ခံရနိုင်တဲ့ နေ့ရက်တွေအဖြစ် စက်တင်ဘာလ ၁၆ ရက်၊ ၂၆ ရက်နဲ့၊ အောက်တိုဘာလ ၁၆ ရက်နေ့တွေကို ဖော်ပြထားပြီး၊ ဖောက်ခွဲမဲ့သူတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လို့ ဖော်ပြထားပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားတဲ့ CNF ချင်းအမျိုးသားတပ်ဦးနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တို့ ပါဝင်သလို မြောက်ပိုင်းမဟာမိတ်အဖွ့ဲထဲက AA ရခိုင့်တပ်တော်နဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တို့ကို ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူကတော့ တစုံတရာ မှတ်ချက်ပြုပြောဆိုတာ မရှိပါဘူး။
(RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြသည်)