ချင်းရွာသား ၆ ဦးကို အစိုးရတပ်က ခေါ်ယူရိုက်နှက်


2014.09.17
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကွန်ပြင်ကျေးရွာ က ဒေသခံခြောက်ဦးကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး အစိုးရစစ်တပ်က ခေါ်ယူ ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က COMREG ရုံးခန်းမှာ သတင်း စာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ကွန်ပြင်ကျေးရွာ မှာကျင်းပခဲ့တဲ့ ကောက်သစ်စားပွဲမှာ ချင်းအမျိုးသား တပ်ဦးက ရဲဘော်တချို့နဲ့ ဒေသခံရွာသား ၆ ဦး တွေ့ဆုံခဲ့တာကြောင့် စစ်တပ် ခလရ ၃၄၄ က ခေါ်ယူရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ ဖြစ်မြောက်ဖို့အတွက် ဆောင်ရွက်ပေးတဲ့ ငြိမ်းချမ်းမြန်မာလူမှုဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

"ကောက်သစ်စားပွဲ လုပ်နေတဲ့အချိန်မှာ CNF က ရဲဘော် ၃ ယောက် တောင်ယာထဲကို ရောက်လာတယ်၊ သူတို့ထမင်းစားတယ်၊ ပြီးတော့ပြန်သွားတယ်၊ အဲဒီ့သတင်းကို ဒေသခံ ခလရ ၃၄၄ က တပ်ရင်းမှူးနဲ့ ရဲဘော် ၁၃ ဦး ပါဝင်တဲ့ အဲဒီ့ ၆ ဦးကို တဲထဲကိုခေါ်ရကောင်းမလားဆိုပြီးတော့ ဖမ်းဆီးတယ်၊ ချုပ်နှောင်တယ်၊ ရိုက်ပုတ်တယ်ပေါ့နော်၊ အခုရန်ကုန်ရောက်လာတဲ့သူဆိုလို့ရှိရင် သူ့လည်ပင်းကို အရိုက်ခံရတယ်၊ ပါးကိုအရိုက်ခံရတယ်၊ ၃ ရက်တိတိ သတိမေ့သွားတယ်၊ ဒီနေ့အထိ ခေါင်းမိုက်ကနဲ ဖြစ်နေတုန်းပဲ၊ အခုလောလောဆယ် ဆေးစစ်ထားတယ်"

ရိုက်နှက်ခံရတဲ့ ရွာသား ၆ ဦးထဲက ၁ ဦးဟာ ဦးခေါင်းမှာ ထိခိုက်မှုပြင်းထန်တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖဲ့ွဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံတွေ တွေ့ဆုံတဲ့အပေါ် ခေါ်ယူစစ်ဆေးတာတွေ မလုပ်သင့်တော့ကြောင်း ပဋိပက္ခအတွင်း လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။