တပ်မတော် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
2020.03.05
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီဝုန်းရွာအနီးကို တပ်မတော်က မနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ တာကြောင့် ရွာခံတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
အစိုးရက အင်တာနက်ဖြတ်တောက်ထားတဲ့ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ်နားက ပွီဝုန်းကျေးရွာနဲ့ အနီးဝန်းကျင်တွေကို မနေ့ညနေက ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် ပွီဝုန်းရွာမှာ နေအိမ် သုံးလုံးမီးလောင်သွားသလို တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရ သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
“မနေ့ညနေ ၆ နာရီခွဲလောက်မှာ လာပြီးတော့ အဲဒီလေယာဉ်တွေက ရွာထဲကိုဗုံးကြဲပါတယ်။ အိမ်က သုံးလုံး မီးလောင်သွားပါတယ်။ နောက်ထပ် အိမ် ငါးလုံးက ပျက်စီးသွားပါတယ်။ လူက နှစ်ဦးဒဏ်ရာရတယ်။ နောက်ထပ် တစ်ဦးက သေသွားပါတယ်။ တခြားလူတွေကတော့ အခင်းဖြစ်ချိန်မှာ ဗုံးခိုကျင်းထဲရောက်နေကြလို့ အထိအခိုက် မရှိလိုက်ကြဘူး”
သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ကိုအလုံးဖြစ်ပြီး ဆေးရုံအသွား လမ်းခုလတ်မှာပဲ သေဆုံးသွားတာပါ။
၁၃ နှစ်အရွယ် ရှစ်တန်းကျောင်သား ကိုဇော်နိုင်နဲ့ ၂၆ နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင် ဒေါ်ဝင်းဖြူတို့ရဲ့ ခါးနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရသွားတာပါ။
ကုလားတန်မြစ်ကြောင်းအတိုင်းသွားတဲ့ စက်လှေတွေ ပစ်ခတ်ခံရတဲ့အတွက် ဒဏ်ရာရသူနှစ်ဦးကို ကျောက်တော် ဆေးရုံကို ပို့ဆောင်ဖို့ အခက်အခဲရှိနေပြီး သူနာပြုဆရာမတွေက ဆေးကုသပေးထားတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ပွီဝုန်းရွာမှာ အိမ်ခြေ ၄၀ ကျော်နဲ့ လူဦးရေ ၁၇၀ ကျော်ခန့်ရှိပြီး မနေ့ကဖြစ်စဉ်တွေကြောင့် ၁၀၀ ဝန်းကျင်ခန့်ဟာ ပိုလုံခြုံမယ့်နေရာကို ထွက်ပြေးသွားကြတယ်လို့ ရွာသားတွေကပြောပါတယ်။
ပွီဝုန်းရွာနဲ့ ၁ မိုင်ကျော်ခန့်အကွာက အိမ်ခြေ ၃၀ ခန့်ရှိတဲ့ လိပ်ခေါင်းရွာမှာလည်း ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်မှုကြောင့် အိမ်တစ်ချို့ မီးလောင်တာမြင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလိပ်ခေါင်းရွာမှာ လူတွေရွာလုံးကျွတ် ထွက်ပြေးနေကြရတာကြောင့် အသေးစိတ်ကို မသိရဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတစ်ဦး ကပြောပါတယ်။
“ရွာနားကနေလှမ်းပစ်တဲ့အချိန်မှာ မီးတွေထွက်တာလောက်ကိုပဲမြင်ရတယ်။ သူတို့ကျွန်တော်တို့ရွာအပေါ်ကနေ စီးပြီးတော့ပစ်တာ။ ကျွန်တော်တို့ရွာနဲ့ မြောက်ဘက်ကိုလှည့်ပြီးတော့ ပစ်တဲ့အချိန်မှာ သူတို့ရွာကိုသွားမှန်တာ။ သူတို့ပစ်တာက နာရီခွဲပတ်ဝန်းကျင်လောက်တော့ကွာတယ်။ မှောင်တာနဲ့ သူတို့ကပြန်သွားတယ်။ လိပ်ခေါင်း ရွာကတော့ အများအမြင်နဲ့ဆို အကုန်လုံးလိုလိုမီးလောင်သွားတာ။ အဲဒီနေရာက စစ်မြေပြင်ဆိုတော့ ကျွန်တော် တို့လည်း နီးနီးကပ်ကပ်သွားကြည့်လို့မရဘူး။ လူတွေကစဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတယ်။ အဲဒီရွာမှာ လူတော့မရှိဘူး”
ကျောက်တော်မြို့နယ် မီးဝ၊ ပွီဝုန်း၊ လိပ်ခေါင်း စတဲ့ ဒေသတဝိုက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ အကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။
ဒီနေ့မနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်းတွေမှာလည်း တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ် တွေကိုသုံးပြီး မီးဝရွာရဲ့ အရှေ့အနောက်တောင်တန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက် ပစ်ခတ်နေတယ်လို့ ဒေသခံမျက်မြင်တွေကပြောပါတယ်။
အေအေအဖွဲ့က ကျေးရွာတွေကိုအခြေခံပြီး တိုက်ခိုက်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပေမယ့် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ငြင်းဆိုပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ ရွာကိုခြေကုပ်ယူပြီးတော့ တိုက်ခိုက်တာလုံးဝမရှိဘူး။ တကယ်ရွာကိုခြေကုပ်ယူ ပြီးတော့ တိုက်ခိုက်နေတာ၊ နောက်ပြီးလို့ရှိရင် ရွာသားတွေကို မတရားဖမ်းဆီးပြီးတော့ လူသားဒိုင်း ကာလုပ် ပြီးတော့မှ စစ်တိုက်နေတာက မြန်မာစစ်တပ်ဘက်ကပဲဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အဲလိုမျိုးလုပ်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် ရွာကိုနေရာယူပြီးတော့ တိုက်ခိုက်လို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေ ပဲသေမှာပေါ့။ ဒါမြန်မာစစ်တပ်ဘက်ကတော့ လာတိုက်ခံရလို့ရှိရင် မင်းတို့ရခိုင်တွေအကုန် သေသွားမယ်ဆိုတဲ့ အချိုးမျိုးနဲ့ သူတို့ကရွာကိုရောက်လို့ရှိရင် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကိုနေရာယူ၊ ရွာသားတွေကို အကုန်ဖမ်းဆီး၊ သူတို့ကိုအနားမှာထား အဲလိုမျိုးတွေသာ တောက်လျှောက်လုပ်နေတာ”
မနေ့က လေကြောင်းသုံးတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်ဆိုတာ မှန်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို အတည်ပြုပါတယ်။
"မနေ့ကတော့ ၆ နာရီမှာတော့ မီးဝဘက်မှာတော့ ထိတွေ့မှုဖြစ်တာရှိပါတယ်၊ ရွာပစ်ခတ်ခြင်းတော့မရှိပါဘူး၊ သောင်းကျန်းသူရှိတဲ့နေရာကိုတော့ ပစ်ခတ်မှာပါပဲ"
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့ ရခိုင်မြောက်ပိုင်းမှာ မတ်လ ၂ ရက်နေ့ထိ ကျေးရွာပေါင်း ၁၇ ရွာက နေအိမ်ပေါင်း ၁၈၀ ဝန်းကျင်ခန့်ဟာ လက်နက်ကြီး ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုခုနဲ့ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြောဆိုထားပါတယ်။
အချိန်တစ်နှစ်ကျော်ကာလအတွင်းမှာ အရပ်သားသေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် အထိရှိတယ်လို့ဆိုပါတယ်။
RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မနေ့က မတ်လ ၄ ရက်နေ့အထိ အချိန် ရှစ်ရက်ကာလအတွင်းမှာ သေဆုံးတဲ့အရပ်သား ၁၅ ဦးနဲ့ ဒဏ်ရာရသူ ၃၀ နီးပါးရှိနေပါတယ်။