တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်
2017.11.09

ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်ထဲမှာ မနေ့ မနက်က တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ ကုန်တင်လှေ ၂ စီး ရှေ့ဆင့်နောက်ဆင့် ခုတ်မောင်းနေစဉ် AA ရခိုင်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာသူတွေလည်းရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ဒီကနေ့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က အခုလိုပြောပါတယ်။
"AA နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တယ်၊ ပြီးခဲ့တဲ့ သြဂုတ်လကဖြစ်တယ်၊ ဖြစ်ပြီးတာနဲ့ ARSA တိုက်တယ်၊ AA နဲ့ တိုက်တာ ပလက်ဝမှာပဲဖြစ်တယ်၊ ပလက်ဝမှာဖြစ်ပြီးတာနဲ့ ARSA နဲ့ ဟိုဘက်မှာတိုက်တယ်၊ အခုကျနော်တို့ လုံခြုံရေးကောင်စီ ကြေညာချက်ထွက်လာပြီပေါ့နော်၊ ဒီလုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက်က မြန်မာနိုင်ငံ အနေနဲ့ မဖြစ်မနေလိုက်နာဆောင်ရွက်ရမယ့် ကြေညာချက်မဟုတ်ဘူး၊ သို့သော်လည်း အလေးအနက်ထား ပါတယ်၊ ခုနမေးခွန်းနဲ့ဆက်စပ်ရရင် ARSA ပေါ့နော် ဒီပေါ်မှာလည်း စောင့်ကြည့်နိုင်တယ်၊ ဘာလဲဆိုရင် လုံခြုံရေးကောင်စီမှာ ကျနော်တို့ တင်နေတယ် တင်နေတယ် ဆိုတော့ ဘာဖြစ်လာမလဲ မသိသေးဘူး အခုကြေညာချက်ထွက်တဲ့အဆင့် ရောက်သွားပြီ၊ နိုင်ငံတကာက အတင်းအကျပ် ဖိအားပေးတဲ့အဆင့်တော့ မဟုတ်ဘူးပေါ့နော်"
တပ်မတော်သားတွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိတယ်လို့သာ ဒေသခံတွေဘက်က သိရှိရပြီး အရေအတွက်ကို မသိရှိရသေးပါဘူး။ ဒီသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အရပ်သားတွေစီးနင်းလိုက်ပါလာတဲ့ ကုန်တင်စက်လှေပေါ်က တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူ ကျောင်းသားကို ပလက်ဝဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ကုလားတန်မြစ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ် ဂုံပြင်ရွာနားမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဂုံပြင်ရွာက ကျေးရွာသား ၃၀၀ လောက်နေအိမ်တွေကို စွန့်ခွာကြပြီး ပလက်ဝမြို့နယ် ရှစ်လက်ဝရွာမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။
မနေ့က ကုလားတန်မြစ်ထဲမှာ ဖြစ်ပွားတဲ့တိုက်ပွဲကတော့ ပလက်ဝမြို့နဲ့ ၁၀ မိုင်လောက်သာ ဝေးတဲ့နေရာ မှာဖြစ်ပြီး လက်ရှိမှာ ကုလားတန်မြစ်ထဲမှာ သွားလာမှု နည်းသွားပါတယ်။