တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ခေါ်ဖို့ဆုံးဖြတ်
2011.01.14

ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ သဘောတူ ဖွဲ့စည်းခဲ့ကြပြီးနောက် တတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဖက်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရွှေမျိုးသန့်က သူတို့ ညီလာခံခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ဒီ တိုင်းရင်းသား လူမျိုးများတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတခု အဲ့ဒါကို အမြန်ဆုံး ခေါ်ဖို့ပေါ့လေ။ ပြည်တွင်းအင်အားစုတွေလည်း တိုင်းရင်းသား ပါတီတွေရောလေ။ သူတို့ လာနိုင်တဲ့လူ ရှိတယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်မှာပေါ့။ အဓိက တော့ တိုင်းရင်းသား အင်အားစုမှာ အစုအဖွဲ့တွေ ရှိနေတာတွေ ရှိတယ်။ ENC ရယ် ULD-LA ရယ်၊ နောက် ကျနော်တို့ CEFU ရယ် နောက်တော့ NDF ရယ် လေးဖွဲ့ ပေါင်းပြီးတော့ ခုန ပြောတဲ့ ညီလာခံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့မယ်။ ပြီးတော့မှ ဒီကော်မတီရဲ့ အစီအစဉ်နဲ့ အမြန်ဆုံး ညီလာခံတခုကို တိုင်းရင်းသား အင်အားစုတွေကို တတ်နိုင်သမျှ ပါဝင်နိုင်အောင် ဖိတ်ကြားမယ်ပေါ့လေ။”
ဒီလို တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ညီလာခံတရပ် အမြန်ဆုံး ခေါ်ယူကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာဟာလည်း စစ်အစိုးရကနေ ရေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလက အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေထဲဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေး မပေါ်ပေါက်လာနိုင်တာကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဖွဲ့တွေ စုစည်းပြီး တောင်းဆိုမယ် ဆိုလို့ရှိရင် ပိုပြီး ထိရောက်နိုင်တယ်ဆိုတဲ့ အခြေခံအချက်ပေါ် မူတည်ပြီး အခုလို ညီ်လာခံခေါ်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါအပြင် သူတို့ အင်အားစုတွေကို စစ်အစိုးရဖက်က ထိုးစစ်ဆင် တိုက်ခိုက်လာမယ်ဆိုရင်လည်း ဘယ်လိုစုပေါင်းပြီး ခုခံကာကွယ်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြကြောင်း ဦးရွှေမျိုးသန့်က ပြောပါတယ်။
ဒီအစည်းအဝေးမှာ KNPP အဖွဲ့က အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ စစ်ဦးစီးချူပ် ဗိုလ်ချုပ် ဘီထူး။ KNU အဖွဲ့က ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ၊ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ NMSP အဖွဲ့က ဥက္ကဋ္ဌ နိုင်ထောမွန်၊ နိုင်ငံခြားရေးရာ တာဝန်ခံ နိုင်ဟံသာပွန်ခမ်နဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SSDP) အဖွဲ့က ဒုဗိုလ်မှူးကြီး ဦးပန်ဖ အပါအဝင် စစ်ဦးစီးအရာရှိတွေနဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင် ၃၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။