ရခိုင်ဆရာတော်လွတ်မြောက်ရေး တိုကျိုမှာ ဆန္ဒပြတောင်းဆို
2010.08.17
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ ဂျပန် ALD ပါတီ ဒု ဥက္ကဋ္ဌ ဦးထွန်းအောင်ခင် က အခုလို ပြောပါတယ်။
“စစ်တွေမှာ ရဟန်းသံဃာတော်ကို ဖမ်းထားတဲ့ ကိစ္စရယ်၊ ပြီးတော့ ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို စစ်အစိုးရ သိမ်းထားတဲ့ဟာ ပြန်ပေးဖို့ ဆိုပြီး တောင်းဆိုတာ ဖြစ်ပါတယ်။ စစ်အစိုးရနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့ မတရားပဲနဲ့ ကျောင်းသားတွေကို ဖမ်းထားတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။”
ဆရာတော်ကို ဇူလိုင်လ ၂၆ ရက်နေ့က ဖမ်းဆီးပြီးနောက် သာသနာတော် ညှိုးနွမ်းမှု အပါအဝင် ပုဒ်မ ၇ ခုထက်မနည်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဆရာတော်ကျောင်းမှာ ကျွေးမွေးစောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးငယ် တရာကျော်ကို စစ်အစိုးရက မကွေးတိုင်း၊ မင်းဘူးနဲ့ မန္တ္တလေးမြို့တွေကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီ ကလေးငယ်တွေကို စစ်တွေမြို့မိမြို့ဖများက အခြားဒေသတွေဆီကို မပို့ဖို့ မေတ္တာရပ်ခံခဲ့ပေမဲ့လည်း အာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။ အခု ဆရာတော်ကို စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရပါတယ်။