ဒုတိယပင်လုံညီလာခံကျင်းပရေး ရခိုင်ပြည်အမျိုးသားကောင်စီ ထောက်ခံ

ကလေးမြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ က ကျင်းပတဲ့ ၂၂ နှစ်မြောက် ဇိုမီး အမျိုးသားကွန်ဂရက် နှစ်ပတ်လည် အခမ်းအနားကနေ ထွက်ပေါ်လာတဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံ ကြိုဆိုကြောင်း ANC ရခိုင်ပြည် အမျိုးသားကောင်စီ က ဒီကနေ့ နိုဝင်ဘာ ၁ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ် ။

2010.11.01
panglong_union_305_z.png မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
(RFA)

အဲဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ကိုထွန်းဇော်က RFA ကို အခုလို ပြောပါတယ် ။

“ကလေးမြို့ ကြေညာစာတမ်းကတော့ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ထပ်တူကျတယ်ဗျ။ ဘာကြောင့်လဲ ဆိုတဲ့အခါကျတော့ လက်ရှိတိုင်းပြည်ရဲ့ ပြဿနာက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာ၊ ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်မှု မရှိတဲ့ ပြဿနာ၊ နောက်ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ ပြဿနာ ဖြစ်တယ်။ အဲဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆိုလို့ရှိရင်တော့ ဒီ ၄၇ ခုနှစ်က တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီမှု ရခဲ့တဲ့ ပင်လုံ သဘောတူညီချက်လိုမျိုး ပင်လုံစိတ်ဓာတ်ပေါ်မှာ အခြေခံပြီးတော့မှ ပင်လုံညီလာခံ တရပ်လိုမျိုး ထပ်ပြီးတော့ ခေါ်ဖို့ လိုတယ်ဆိုတဲ့ သဘောထားပေါ်မှာ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှ ကျလို့ ကျွန်တော်တို့ ကလေးမြို့ ကြေညာစာတမ်းကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံ ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။”

ရခိုင်အမျိုးသားကောင်စီရဲ့ အဆိုပါ ကြေညာချက် အမှတ် ၀၆/၂၀၁၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ကြာရေး လုပ်ငန်းရပ် အားလုံးကို တိုင်းရင်းသား ပြည်သူများနဲ့ တစည်းတလုံးတည်း လက်တွဲ ရင်ဆိုင် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ၊ တိုင်းရင်းသားအားလုံး ပါဝင်ပြီး လွတ်လပ်ရေး ရယူခဲ့တဲ့ ပင်လုံ စိတ်ဓာတ်မျိုးဖြင့်သာ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်မယ်လို့ အလေးအနက် ခံယူကြောင်း ၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတရပ်ကို တည်ဆောက်ရေး အတွက် ဒုတိယ ပင်လုံညီလာခံကို မဖြစ်မနေ ခေါ်ယူဖို့ အစဉ်တစိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။