ရခိုင်ဆရာတော် ဦးပညာစာရကို မည်သည့်ထောင် ပြောင်းရွှေ့မှန်း မသိရ
2010.10.18

ဒကာ ဒါယကာမတွေအနေနဲ့ ဆရာတော် ဘယ်ထောင်ကို ပြောင်းရွှေ့ခံရတယ်ဆိုတာ ဆက်လက် စုံစမ်းနေကြဆဲ ဖြစ်တယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
“ထောင်ဝင်စာ တွေ့ခွင့်ပြုထားတဲ့ ဆရာတော်ရဲ့ တူ ဒကာပေါ့လေ၊ အဲဒါ ဒီနေ့ သွားပြီးတော့ ထောင်ဝင်စာ သွားတွေ့တဲ့ အချိန်မှာမှ မရှိတော့ဘူးဆိုတာပဲ သိရပါတယ်။ ဘယ်ကို ပို့လိုက်လဲဆိုတော့ မသိပါဘူးပေါ့။ မရှိဘူးဆိုတာကိုပဲ အတည်ပြုလိုက်ပါတယ်။ ဘယ်ထောင်ကို ပို့လဲဆိုတာတော့ အခုထိ မသိရသေးပါဘူး။ ဆိုတော့ ဒီနေ့တော့ စုံစမ်းနေကြပါတယ်။ ဒကာတွေ အဖွဲ့ကပေါ့။”
ဆရာတော် ဦးပညာစာရဟာ သက်တော် ၅၇၊ ဝါတော် ၃၇ ဝါ ရှိပြီး၊ အခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ စစ်အစိုးရက ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ စည်ပင်သာယာ အက်ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ စတဲ့ ပုဒ်မ ၇ ခုတပ် တရားစွဲဆိုခဲ့ပြီး၊ စက်တင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၈ နှစ်နဲ့ ၃လအပြင် ငွေဒဏ် ကျပ်ငွေတသောင်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဆရာတော်ဟာ စစ်တွေ အကျဉ်းထောင်မှာ ရှိခဲ့စဉ်အတွင်း အာဟာရ ချို့တဲ့မှုကြောင့် ဖောရောင်တဲ့ ဝေဒနာ ခံစားနေခဲ့ရတယ်လို့လည်း သိရပါတယ်။
ဆရာတော် ဦးပညာစာရရဲ့ ရှေ့နေ ဒေါ်အေးနုစိန်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |