ပြည်ပရောက် ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပမဲ့ရက်အဖြစ် သတ်မှတ်လိုက်တာ နဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ သြဂုတ်လ ၁၅ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

2010.08.16
election_demo_fort_wayne_305_Z အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့တွင် သြဂုတ်လ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ အင်အားစု ၁၆ ဖွဲ့ စုဝေးကာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ Photo: 88 Generation Students (Overseas)
Photo: 88 Generation Students (Overseas)

ဖို့ဝိန်းမြို့လယ်ခေါင် တရားရုံးရှေ့မှာ တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီ ကနေ ၃ နာရီအထိ မြန်မာ့ ဒီမိုကရေစီအင်အားစု အဖွဲ့ ၁၆ ဖွဲ့ ပါဝင် ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ ပြည်ပတာဝန်ခံ ကိုအောင်မြင့်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ အဓိကကတော့ ဒီ စစ်အာဏာရှင် စနစ်ကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ချမှတ်ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ တရားမျှတမှုတွေ မရှိဘူး ဆိုတာကို ကျွန်တော်တို့ ဒီနေရာမှာ ဒီနေ့ ထောက်ပြတယ်၊ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းထဲမှာ ရှိတဲ့ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ မှတ်ပုံတင်ထားတဲ့ အင်အားစုတွေရဲ့ အခြေအနေတွေကိုလည်း ထောက်ပြထားတဲ့ ကြေညာချက် တစောင်ကို ကျွန်တော်တို့ ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။”

 ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကို အလျင်စလို သတ်မှတ်ခဲ့တာအပေါ် ကန့်ကွက်တဲ့ ကြေညာချက်တစောင်ကိုလည်း စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (ပြည်တွင်း၊ ပြည်ပ) က ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေဟာ မဲဆွယ်စည်းရုံးဖို့ အချိန်လုံလောက်စွာ မရတာ၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရှိပဲ တဖက်သတ် သတ်မှတ်လိုက်တာတွေကြောင့် တရားမျှတမှု မရှိဘူးလို့ သတ်မှတ်ကြောင်း ။ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေကိုလည်း ရွေးကောက်ပွဲ မဝင်ပဲ နုတ်ထွက်ကြဖို့ တိုက်တွန်းကြောင်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။