ရွေးကောက်ပွဲကို လူ ၅၀၀ ကျော် ဆန့်ကျင်ဆန္ဒပြ
2010.10.21
“စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုပဲ။ ကျွန်တော်တို့ ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းရဲ့ အနားတဝိုက်မှာပဲ။ အဲဒီမှာ လူထုတွေပဲ။ ကျွန်တော်တို့ မွန်လည်းပါတယ်၊ ကရင်လည်း ပါတယ်၊ ရှမ်းတွေလည်း ပါတယ်၊ ဗမာတွေလည်း ပါတယ်။ အင်အား ၅၀၀ ကျော်ပါခင်ဗျ။”
ဆန္ဒပြခဲ့ကြတဲ့နေရာဟာ ချောင်းနှစ်ခွ ကျေးရွာအုပ်စု၊ သံပုရာကျေးရွာ ရယက ရုံးနဲ့ ၃ မိုင်လောက်ပဲ ဝေးပြီး၊ စစ်အစိုးရ အာဏာပိုင်တွေဖက်က တစုံတရာ လာရောက် နှောင့်ယှက်တာ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကိုစောထူးက ပြောပါတယ်။
“ကျွန်တော်တို့ ဆက်လက်ပြီးတော့ ပြမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တခုပြီးတခုပေါ့နော်။ ပြည်သူလူထုကလည်း ဒီ ၂၀၁၀ ရွေးကောက်ပွဲ၊ ဒီ နအဖ ရွေးကောက်ပွဲကို လုံးဝ အယုံအကြည် မရှိဘူးလေ။ နောက်ပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလည်း ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်၊ ဒီလှုပ်ရှားမှုတွေက ကျွန်တော်တို့ လှုပ်ရှားခြင်း ဖြစ်တယ်။ ဆက်လက် လုပ်သွားပါမယ်။”
ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုစောထူး ပြောသွားတာပါ။ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတချို့ကို မကြာခင်က ကြေညာခဲ့ရာမှာ ကရင်ပြည်နယ်က ဒေသတချို့လည်း ပါဝင်ပါတယ်။