မူးယစ်တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အမေရိကန် ကူညီမည်
2017.08.22
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ အမေရိကန်အစိုးရက အကူအညီပေးဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်နဲ့ ယာယီရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးတို့ ဒီနေ့ နေပြည်တော်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေ၊ တရားရုံးတွေ၊ ဥပဒေအရာရှိတွေနဲ့ ရဲတွေအပါအဝင် တရားဥပဒေစိုးမိုးရေးကဏ္ဍတွေ မှာ နည်းပညာလေ့ကျင့်သင်တန်းပေးတာ ရုပ်ဝတ္ထု အကူအညီပေးတာတွေမှာ အသုံးပြုဖို့အတွက် အမေရိကန် အစိုးရက ဒေါ်လာ ၁၁ သန်းကျော် ပေးအပ်ခဲ့တယ်လို့ ဒီနေ့ သဘောတူလက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့တရားရေးကဏ္ဍ ခိုင်မာစေဖို့ ရှေ့နေချုပ်ရုံးနဲ့ ပိုပြီး လက်တွဲဆောင် ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံဖြတ်ကျော် မှုခင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ အစိုးရအင်စတီကျူး ရှင်းတွေနဲ့ လက်တွဲဆောင်ရွက်သွားရေးဟာ အမေရိကန်အစိုးရ ကိုယ်စားပြုတဲ့ အမေရိကန်သံရုံးရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်လို့ သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောကြားခဲ့ကြောင်းလည်း ပါရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ထိရောက်ပြီး တရားမျှတတဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေ ဖံ့ွဖြိုးလာစေဖို့ အမေရိကန်ပြည်ထောင်စုက အကူအညီတွေပေးသွားမှာဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့တယ်လို့ သိရပါတယ်။