မန်တုံမှာ မူးယစ်တိုက်ဖျက်ရေး အတွက် ဆန္ဒပြ


2017.04.25
mantong-620.jpg မန်တုံမြို့နယ်မှာ မူးယစ်ဆေးကာကွယ်တိုက်ဖျက်ပေးဖို့ ဧပြီလ ၂၅ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
Photo credit - Zarni Min Facebook

ရှမ်းပြည်နယ် မန်တုံမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေနဲ့ သုံးစွဲသူတွေများလာ တာကြောင့် ဒေသခံ ၇၀၀ လောက်က မူးယစ်ဆေးကာကွယ်တိုက်ဖျက်ပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

မန်တုံမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေများလာတဲ့အပြင် ကျောင်းသားအရွယ် ကလေးတွေအထိ သုံးစွဲ လာတာတွေရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။

"ကျမတို့ မန်တုံဆိုလို့ရှိရင် မူးယစ်ဆေးဝါးချက်တဲ့သူဆိုတာလည်း လုံးဝမရှိဘူး။ ဒါပေမဲ့ ပြင်ပကနေ သယ်ဆောင်လာပြီး ရောင်းချနေတဲ့သူက တော်တော်လေးကို များပြားလာတယ်ပေါ့နော်။ ဒါကတော့ အစတုန်းကဆို ဒီ လူကြီး လူလတ်ပိုင်းအရွယ်လောက်ပဲ မူးယစ်ဆေးဝါး သုံးစွဲတာရှိတယ်ပေါ့နော်။ အခုဆို ရင် ကျောင်းသားကလေးအရွယ်ကအစ စတင်သုံးစွဲနေတာကို ကြည့်ချင်းအားဖြင့် ဒါက မူးယစ်ဆေး ဘယ်လောက်များပြားလာတယ်ဆိုတာ ကျမတို့ ခန့်မှန်းလို့ရတာပေါ့။"

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လာမယ့် ပြည်သူ့လွှတ်တော်မှာလည်း တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးကာကွယ်ရေးအတွက် မေးခွန်းမေးမြန်းသွားမယ်လို့လည်း ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မန်တုံမြို့အထက်တန်းကျောင်းရှေ့ကနေပြီး မြို့တစ်ပတ်လှည့်လည်ခဲ့ကြပြီး နေ့လယ်ဘက်မှာ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအတွက် ဟောပြောခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မူးယစ်ဆေးဝါးရောင်းဝယ်သူ တို့ရန်သူ၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး တို့အရေးစ တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါး ကာကွယ်တားဆီးဖို့အတွက် ပြည်သူ့ရဲ၊ ပြည်သူ့စစ်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်း ပြီးဆောင်ရွက်သွားကြဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။