မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆို
2018.05.26

အိန္ဒိယ- မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ များလာတဲ့အတွက် နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံ စုစုပေါင်း ၂ဝဝ လောက်က တမူးမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
မြန်မာနိုင်ငံဘက်က နယ်စပ်မြို့ဖြစ်တဲ့ တမူး၊ နမ့်ဖာလုံနဲ့ အိန္ဒိယဘက်က နယ်စပ်ဖြစ်တဲ့ မိုးရေးတို့မှာ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာတွေ များလာတယ်လို့ နမ့်ဖာလုံ လူမှုကူညီရေး ပရဟိတအသင်း နာယက ကိုမြတ်ထွန်းကျော်က ပြောပါတယ်။
"လူကြီးလူငယ် မူးယစ်ဆေးသုံးစွဲတဲ့ သူတွေကများနေတော့ကြတော့ အမျိုးသားရေးကိုပါ ခြိမ်းခြောက် သလိုဖြစ်နေတာ၊ စိုးရိမ်ရတဲ့အဆင့်ဖြစ်နေလို့ ကျနော်တို့ ဝိုင်းပြီးလုပ်ကြတာ၊ နှစ်နိုင်ငံနယ်စပ်ကလည်း နှစ်မြို့တစ်မြို့လိုဖြစ်နေတာ၊ အိန္ဒိယဘက်က မိုးရေးမြို့နဲ့ ကျနော်တို့ နမ့်ဖာလုံနဲ့ စည်းရိုး စည်းတန်းလည်းမရှိ တစ်ဆက်တည်းဖြစ်နေတာ သွားချင်တဲ့အချိန်သွား လာချင်တဲ့အချိန်လာဖြစ်နေတာ မူးယစ်ဆေးသမားတွေ ကျတော့လည်း ဒီက ခိုးလုယက်ပြီးတော့ ဟိုဘက်မှာသွားသုံးတယ်ဆိုတော့ မလုံခြုံသလိုလည်း ဖြစ်နေကြတာ၊ ဟိုဘက်ရဲ့ လူမှုရေးအဖွဲ့အစည်းတွေရော၊ ဟိုဘက်ရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရော ဒီလိုတားဆီးတာမျိုး လုပ်စေချင်တဲ့အသိကို ဟိုဘက်ကိုရော သတိပေးချင်တဲ့သဘောနဲ့ ဝိုင်းပြီးလှုပ်ရှားကြတာပါ"
တမူးမြို့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေအနေနဲ့ အခုလို မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ မနက် ၉ နာရီမှာ တမူးမြို့ ဗိုလ်ချုပ်ပန်းခြံကနေ စတင်လမ်းလျှောက်ခဲ့ကြပြီး မြို့တစ်ပတ်ပတ်ကာ မူးယစ်ဆေးဝါးကင်းစင်ဖို့ ပြည်သူတွေအတူပူးပေါင်းပါဝင်စို့၊ ပြည်သူတွေ မူးယစ်ကျွန်ဘဝမှ လွတ်မြောက်ရေး၊ တမူးဒေသတွင်း မူးယစ်ဆေးဝါးပပျောက်ရေး စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ကြပါတယ်။