စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ပွား
2011.03.28

ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က တပ်မတော်သားတွေကို ပြည်သူလူထုနဲ့ အတူ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်တာ ဖြစ်ကြောင်း လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တဦးက အခုလို ပြောပြပါတယ်။
“လှုပ်ရှားမှုကို လုပ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးနေ့မှာ တပ်မတော်သားတွေ အနေနဲ့ ပြည်သူလူထုတွေနဲ့အတူ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်း ဆန့်ကျင်ပေးဖို့ပဲ ဖြစ်ပါတယ်။ အခု အရှေ့အလယ်ပိုင်း ဒေသတွေ ဖြစ်နေတဲ့ ဒီမိုကရေစီ တော်လှန်ရေးတွေမှာ အဲဒီ တိုင်းပြည်မှာ ရှိတဲ့ တပ်မတော်သားတွေက ပြည်သူလူထုတွေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အာဏာရှင်စနစ်တွေကို ဆန့်ကျင် လှုပ်ရှား ဆောင်ရွက်ခဲ့တာဟာ တနိုင်ငံပြီး တနိုင်ငံ ကူးစက်ပြီးတော့ အောင်မြင်မှုတွေ ရရှိနေတာကို ကျွန်တော်တို့ တွေ့နေရပြီ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဗမာနိုင်ငံမှာလည်း ဒီ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းသွားဖို့အတွက် ဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်သားတွေအနေနဲ့ အတိုက်အခံ အင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။”
အဲဒီလို ဖြန့်ဝေ ကျဲချတဲ့စာရွက်တွေမှာ ‘တပ်နဲ့ပြည်သူ လက်တွဲကူပြီး စစ်အာဏာရှင်ကို ဆန့်ကျင်စို့’ ဆိုတဲ့ စာတမ်းပါ ကာလာစတစ်ကာတွေ ကပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ လှုပ်ရှားမှု လုပ်သွားပုံကို အခုလို ဆက်ပြောပြပါတယ်။
“ရန်ကုန်မြို့လယ်ခေါင်မှာ လူစည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ဒီ အနော်ရထာလမ်း တောက်လျှောက်နဲ့ လမ်း ၄၀ ထိပ်၊ ကုန်ဈေးတန်းထိပ်၊ ဖရေဇာ၊ တောက်လျှောက်တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။ တချို့ အုပ်စုတွေက တိုက်တွေပေါ်ကနေပြီးတော့ ဒီစာရွက်တွေကို ကြဲချခဲ့တယ်၊ တချို့အုပ်စုတွေကနေ ဘတ်စ်ကားတွေပေါ်ကနေပြီးတော့ စာရွက်တွေကို ပလက်ဖောင်းတွေပေါ်မှာ ကြဲချခဲ့တယ်။”
အဲဒီလှုပ်ရှားမှုတွေကို မြန်မြန်သွက်သွက် လုပ်သွားပြီး ရှောင်တိမ်းခဲ့တဲ့အတွက် တစုံတရာ အနှောင့်အယှက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီရေး တက်ကြွသူ ကျောင်းသား လူငယ်တွေအနေနဲ့ နောင်ကိုလည်း လှုပ်ရှားမှုအမျိုးမျိုးု ဆက်လုပ်သွားကြမယ်လို့ ပြောပါတယ်။