စစ်တွေမြို့ နိုင်ငံတကာ အန်ဂျီအိုရုံးခန်းတွေ တိုက်ခိုက်ခံရမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း
2014.03.29

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့သူတွေနဲ့ ဖျက်ဆီးခဲ့ ကြသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက် ပါတယ်။
အဲဒီအဖွဲ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန လေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေဝင်း၊ နိုင်ငံတော်သမ္မတ ဥပဒေအကြံပေး ဦးစစ်အေးတို့ဖြစ်ပြီး Myanmar Egress က ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦး က သူတို့ငှားရမ်းထားတဲ့ အိမ်တစ်လုံးမှာ လွှင့်ထူထားတဲ့ သာသနာ့အလံကို ဖြုတ်ချရာက ဒေသခံလူအုပ်စုတွေက မကျေနပ်တဲ့အတွက်အဲဒီ ဖြုတ်ချတဲ့ အမျိုးသမီးနေအိမ်ကို ခဲတွေနဲ့ ပစ်ပေါက်ရာကနေ နောက်ဆက်တွဲ တခြားရုံးခန်းတွေ နေအိမ်တွေကိုပါ လူအုပ်စုတွေက တိုက်ခိုက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တာဝန်တွေကတော့ ပဋိပက္ခဖြစ်စဉ်မှာ ဦးဆောင်ပါဝင်သူတွေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို လာမယ့်ဧပြီလ ၇ ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်သွင်းရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ ညနဲ့ ၂၇ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ ဖျက်ဆီးခံရတာနဲ့ ရခိုင်အမျိုးသမီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အဲဒီလိုလုပ်ရပ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့လုပ်ရပ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီသဘောထား ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီANP ရဲ့ သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလေ ၂၇ ရက်နေ့က မတည်မငြိမ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဒီဟာကို ဘယ်လိုတည်ငြိမ်အေးချမ်းအောင် လုပ်မလဲဆိုတာပါ၊ ဒီလိုဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ရခိုင်တစ်မျိုးသားလုံးရဲ့ ထိခိုက်စေနိုင်တဲ့ ပုံရိပ်ဆိုးတွေမဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားဆင်ခြင်ပြီးတော့ တစ်ဘက်ကလည်း ဖိအားပေးမှုတွေမလုပ်ဖို့ တစ်ဘက်ကလည်း သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့ အကြောင်းတရားတွေကို ကျနော်တို့ ထောက်ပြထားပါတယ်"
အဲဒီကြေညာချက်ထဲမှာ အဲဒီလိုလုပ်ရပ်ဟာ မငြိမ်သက်မှုဖြစ်စေအောင် ဖန်တီးမှုများပြုလုပ်ပြီး လူမျိုးတစ်မျိုး၏ အားနည်းချက်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ပြင်းထန်စွာရှုံ့ချကြောင်း၊ NGO ၊ INGO အဖွဲ့အစည်းတွေရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ရခိုင်လူမျိုးတွေရဲ့ ပုံရိပ်တွေ ဆိုးဝါးမသွားစေဖို့ အစိုးရက အမြော်အမြင်ရှိစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။