ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေ ရာ ဒေါက်တာအေးမောင်ကို ANP လျာထား


2015.10.25
anp-campaign-ygn-620.jpg အောက်တိုဘာလ ၂၅ ရက်နေ့က ကျိုက္ကဆံ လူထုဟစ်တိုင်ကွင်းမှာ ရခိုင်အမျိုးသားပါတီ (ANP) ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောနေစဉ်
Photo: Kyaw Zaw Win/ RFA

လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP ဟာ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့နိုင်တဲ့အထိ ကြိုးစားသွား မှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို လျာထားကြောင်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ ကျိုက်က္ကစံအားကစားကွင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP မဲဆွယ်စည်းရုံး ဟောပြောပွဲ မှာ ပါတီရဲ့ ဒုတိယ ဥက္ကဌ ဒေါ်အေးနုစိန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ကတော့ ရခိုင်ပြည်နယ်လွှတ်တော်ကို အများစုအနိုင်ရပြီးတော့ ချုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်၊ ဝန်ကြီးချုပ်ကတော့ ကျမတို့ ဒေါက်တာအေးမောင်ကို လျာထားပါတယ်၊ ဥက္ကဌလည်းဖြစ်တယ် လွန်ခဲ့တဲ့ရွေးကောက်ပွဲကာလမှာလည်း ဒုသမ္မတအဖြစ် လျာထားခြင်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အချင်းရှိတဲ့ လူလည်းဖြစ်တဲ့အတွက် ကျမတို့ဘက်က ဒီလိုပဲလျာ ထားတာဖြစ်ပါတယ်"

ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်ဟာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဖြစ်ပြီး ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်လည်း လိုအပ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ပြည်နယ်လွှတ်တော်မှာ ထောက်ခံမှုအများဆုံးရရှိအောင် ANP ပါတီက လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးရရှိအောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ANP ပါတီဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအပါအဝင် ကိုယ်စားလှယ်လောင်း ၇၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။