ဝန်ကြီးချုပ်အမည်စာရင်း မတင်မီNLD နဲ့ ANP တွေ့ဆုံလို
2016.03.27

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်းကို နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်နယ်လွှတ်တော်ဆီ မပေးပို့ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသား ပါတီ ANP တို့အကြား တွေ့ဆုံပွဲကို ပြုလုပ်လိုတယ်လို့ ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။
နှစ်ပါတီတွေ့ဆုံမှုကို ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်း တင်သွင်းပြီးမှ ဆောင်ရွက်မယ် ဆိုရင် ရခိုင်အမျိုးသားပါတီရဲ့ တောင်းဆိုချက်နဲ့ ထပ်တူကျမှာမဟုတ်ဘူး လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
"ပြည်ထောင်စုအစိုးရအဖွဲ့အစည်းရဲ့နောက်တိုင်းဒေသကြီး ပြည်နယ်အစိုးရမဖွဲ့မီ အဲ့ကာလလေးမှာတွေ့ဖို့ ကျနောတို့ဘက်ကမေတ္တာရပ်ခံတယ်၊ သို့မဟုတ်ရင် ထွက်လာတဲ့အခြေအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရဲ့ အကြောင်းအရင်းဟာ ရခိုင်ပြည်သူလူထုရဲ့တောင်းဆိုချက်၊ ရခိုင်အမျိုးသားပါတီရဲ့တောင်းဆိုချက်နဲ့ ထပ်တူကြမှာပါ"
ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းတဲ့အခါ ရခိုင်အမျိုးသားပါတီကို ဦးဆောင်ဖွဲ့ခွင့်ပေးဖို့နဲ့ ဦးဆောင်ဖွဲ့ခွင့်မရဘူးဆိုရင် အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်ဘဲ အတိုက်အခံ အဖြစ်ရပ်တည်သွားမယ်လို့ ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
အဲဒီကြေညာချက်ကို ဖောက်ဖျက်ပြီး ရခိုင်အမျိုးသားရဲ့ပါတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာတွေ လက်ခံယူမယ်ဆိုရင် လဲ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တဲ့အထိ အရေးယူခံရနိုင်တယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးဟာ အခုလ ၂၂ ရက်နေ့ က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာတွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ လာမယ့် သတင်းပတ်အတွင်း နှစ်ဖက်ပါတီခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲကို ရခိုင်အမျိုးသားပါတီဘက်က ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးသာထွန်းလှတို့ တက်ရောက်မှာဖြစ်ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က တက်ရောက်မယ့် သူ စာရင်းကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒေါက်တာအေးမောင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။