ဝန်ကြီးနေရာလက်ခံရင် ပါတီက ထုတ်ပယ်ဒဏ်ရိုက်ဖို့ ANP စည်းကမ်းထုတ်
2016.03.29

ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးနေရာ လက်ခံသူရှိခဲ့ရင် ပါတီကနေ ထုတ်ပယ်ခံရမှာဖြစ်သလို ငွေဒဏ် ကျပ်သိန်း ၅၀၀ ပေးဆောင်ရမယ်လို့ ပါတီတွင်း စည်းကမ်းသတ် မှတ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပါတီရဲ့ဆုံးဖြတ်ချက်တွေ မူဝါဒတွေကို မလိုက်နာဘဲ ဖောက်ဖျက်တဲ့ ကိုယ်စားလှယ်တွေကို စည်းကမ်းထိန်း သိမ်းရေး ကော်မတီက ချမှတ်ထားတဲ့အတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"ကျနော်တို့ CEC ကနေ ကျနော်တို့ပါတီရဲ့မူဝါဒသဘောထားတွေကို ထုတ်ပြန် ထားတဲ့အခါ ပါတီဝင်တိုင်းက လေးစားလိုက်နာရမှာပါ၊ တကယ်လို့ ကျနော်တို့ ချမှတ်ထားတဲ့စည်းမျည်း၊ စည်းကမ်းတွေကို ပါတီဝင် တစ်ယောက်သည် ဆန့်ကျင်ဖောက်ဖျက်လာရင်တော့ ပါတီမှာချမှတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်း တွေအရ ကျနော်တို့အရေးယူဆောင်ရွက်သွားမှာပါ၊ အသေးစိတ်ကိုတော့ ကျနော်တို့အနေနဲ့ထုတ်ပြန်ခွင့်မရှိဘူး၊ စည်းမျည်း၊ စည်းကမ်းတိုင်းအရေးယူဆောင်ရွက် သွားမယ်ဆိုတာတော့ ပြောပြနိုင်ပါတယ်"
မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခဲ့ တာကြောင့် အစိုးရအဖွဲ့မှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြဖို့ စည်းကမ်းထုတ်ထားတာပါ။
ဒါ့အပြင် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ANP ပါတီ ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ ပါဝင်မှာဖြစ်တယ် လို့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ပြောထားပါတယ်။
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးနဲ့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။