ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဖွဲ့စည်း


2019.06.02
anp-office-622 ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်အမျိုးသားပါတီ ANP ရဲ့ မေလ ၃၀ နဲ့ ၃၁ ရက်နေ့တွေက စစ်တွေမြို့မှာကျင်းပတဲ့ ဒုတိယ အကြိမ်မြောက်ညီလာခံကနေ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီကို ပါတီတွင်းဝါရင့်နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကိုလည်း နိုင်ငံရေးအတွေ့အကြုံရှိသူ လူငယ်တွေကို ဦးစားပေးတဲ့အနေနဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုး အစရှိတဲ့ အဖွဲ့ဝင် ၂၅ ဦးပါတဲ့ ကော်မတီကိုလည်း ဖွဲ့စည်းတာဝန်တွေ ချထားပေးလိုက်တယ်လို့လည်း ပြောပါတယ်။

ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီရဲ့ မူဝါဒပိုင်းဆိုင်ရာ ချမှတ်ပေးလိုက်တာတွေကို ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက အကောင်အထည်ဖော် ဆောင်ရွက်ပေးရမယ်လို့လည်း ပါတီရဲ့ မူဝါဒစည်းမျဉ်း ချမှတ်တဲ့အထဲမှာ ထည့်သွင်းထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ညီလာခံကနေ မူဝါဒအပြောင်း အလဲလုပ်သလို ဝါရင့်နိုင်ငံရေးသမားကြီး ၇ ဦးတို့က မူဝါဒပိုင်းဆိုင်ရာဦးဆောင်ကော်မတီဆိုပြီး ဖွဲ့စည်းလိုက်သလို ပါတီဝင်တွေထဲက လူသစ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုလည်း ဖွ့ဲစည်းလိုက်ပါတယ်။

အရင်ပါတီဒု-ဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဘရှိန်၊ ဦးဖေသန်းနဲ့ ဦးဦးလှစော အစရှိတဲ့သူ ၇ ဦးတို့က မူဝါဒပိုင်းဆိုင်ရာတွေကို ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းလိုက်တာလို့ ဦးဖေသန်းက ပြောပါတယ်။

"ပါတီကိုလူကြီးတွေက နေရာဖယ်ပေးချင်တယ်၊ မူဝါဒပိုင်းဆိုင်ရာ သွားချင်တယ်၊ လူလတ်ပိုင်းဆိုင်ရာတွေနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးအရ စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့နေရတဲ့အပိုင်းမှာ အခက်အခဲ အကြပ်အတည်းတွေလည်း အများကြီးရှိတယ်၊ ပါတီတည်ဆောက်ရေးဟာလည်း အားနည်းချက်တွေ မပြည့်မစုံမှုတွေရှိတယ်ဆိုတာ နားလည်လာကြတယ်၊ မျိုးဆက်သစ်တွေကို လူငယ်တွေကို ခွဲတမ်းပေ့ါနော်၊ လူငယ်တွေကို အမျိုးသမီးတွေကို တာဝန်ပေးတယ်၊ ပြောင်းလဲလိုက်တာပေါ့၊ ကျွန်တော်တို့ မျှော်လင့်ပါတယ် ရခိုင်အမျိုးသားပါတီဟာ ဒီထက်ဒီထက် အားကောင်းလာပြီးတော့ ရခိုင်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မယ်၊ စိန်ခေါ်မှုတွေကို အရည်အချင်းရှိတဲ့သူတွေနဲ့ ထဲထဲဝင်ဝင်ဖြေရှင်းနိုင်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောချင်ပါတယ်"

လူသစ်တွေကို အစားထိုးတာဝန်ပေးပြီး သူတို့ရဲ့အင်အားနဲ့ ပါတီကိုဆက်လက် ဦးဆောင်သွားဖို့အတွက် ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

စစ်တွေမြို့ခံ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းကလည်း ANP ပါတီရဲ့အပြောင်းအလဲအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

"ANP ပါတီက ရခိုင်ပြည်နယ် တစ်ခုလုံးအတွက်ဆိုရင်တော့ အင်အားအကြီးဆုံးပါတီပဲလေ၊ မနေ့ တစ်နေ့ကမှ အသစ်ပြန်ဖွဲ့လာတယ်ဆိုတော့ ဘယ်သူတွေရဲ့မောင်းနှင်အားဘယ်လိုရှိတယ် ဘာတွေကို ဆောင်ရွက်မယ်ဆိုတာကို ခုတည်းက ဘယ်ပြောလို့ရမလဲ၊ သူတို့ပါတီရဲ့အလုပ်ကို၊ လူကြီးပိုင်းကတော့ မူဝါဒရေးရာကော်မတီဆိုပြီး လုပ်လိုက်တယ်၊ အရင်က လူဟောင်းကြီးတွေပေါ့၊ စီအီးစီထဲမှာလည်း လူဟောင်းတွေ လူသစ်တွေ ပါတယ်ပေါ့၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆိုတာကိုတော့ တိုင်းရင်းသားပါတီတွေ ဘယ်လောက်ထိ လုပ်ခွင့်ရမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်၊ ဗဟိုချုပ်ကိုင်မှုများနေရင် ဘယ်တိုင်းရင်းသားပါတီမှ လှုပ်ရှားလို့ရမှာ မဟုတ်ဘူးလေ၊ ဗဟိုကနေ ဘယ်လောက်ထိ လျှော့ပေးနိုင်မလဲဆိုတာက အဖြေပဲလေ၊ ဗဟိုချုပ်ကိုင်မှု လျှော့ပေးမယ်ဆိုရင် သူတို့အစွမ်းအစရှိသလောက် လုပ်ပေးနိုင်မှာပေါ့"

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ်ထဲက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဒေါက်တာ အေးမောင်ရဲ့သားက တစ်သီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ ယှဉ်ပြိုင်ရာမှာ ANP ပါတီက ရှုံးနိမ့်ခဲ့တဲ့အတွက် ANP ပါတီကို အချက်ပေးလိုက်သလို ဖြစ်သွားတယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက မြင်ကြပါတယ်။

ဒေါက်တာ အေးမောင်ဟာ အကျဉ်းကျနေတဲ့သူဖြစ်ပေမယ့်လည်း ရခိုင့်ဦးဆောင်ပါတီကို ဖွ့ဲစည်းလိုက်တဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေနဲ့ ပြိုင်ဖက်ဖြစ်လာနေတယ်ဆိုတာကို သတိပြုမိကြတာဖြစ်မယ်လို့လည်း ယူဆကြပါတယ်။

ရသေ့တောင်မြို့နယ်က ရှေ့နေကြီး ဦးဦးသာဇံက သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဦးအေးမောင်တို့ရဲ့ပါတီသီးသန့်ထောင်တယ်ဆိုတော့ လူသစ်တွေနဲ့သွားရင် ခရီးပေါက်မယ်လို့ သူတို့ဖက်က အဲဒီလိုတွေးတာလည်းပါတယ်၊ ဒါကြောင့် သူတို့ဖက်က အပြောင်းအလဲလုပ်တယ်လို့ ကျွန်တော်တော့ ယုံတယ်၊ သူတို့ကြိုးစားမယ်ထင်တယ် ပါတီစုံစနစ်ဆိုတော့ ကြိုက်တဲ့သူကို မဲဆန္ဒပေးပါ၊ အဲဒီလို ပါတီစုံဖက်ကို ဖွင့်တယ်လို့မြင်တယ်၊ ပွင့်လင်းမြင်သာမှုအနေနဲ့ အများဆန္ဒနဲ့အညီပေါ့၊ ကျွန်တော်တို့ ရသေ့တောင်မှာ ကြားဖြတ်ရွေးတုန်းကလေ ANP နဲ့ ဦးအေးမောင်သား တစ်သီးပုဂ္ဂပြိုင်တဲ့အချိန်မှာ သိပ်ကိုသိသိသာသာကြီး မဲတွေကခြားသွားတယ်၊ ဒါလည်းသူတို့ပါတီကို သတိပေးလိုက်သလိုဖြစ်သွားတယ်"

ANP ပါတီဟာ လူသစ်တွေနဲ့ ရခိုင်ပြည်နယ်အတွင်း စွမ်းဆောင်နိုင်မယ့်သူတွေနဲ့ ရှေ့ဆက်ကြိုးပမ်းဖို့ ပြင်ဆင်နေတယ်လို့ ပါတီဦးဆောင်သူတွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။