ရခိုင်ပြည်နယ်အရေး ရခိုင်အမျိုးသားပါတီဝင်တွေ ရန်ကုန်မှာဆွေးနွေး
2014.06.28

ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရခိုင်အမျိုးသား ပါတီဝင်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ပြု လုပ်ခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်ရှိ မြိုနယ် ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့မြို့တွေမှာ ရုံးခွဲတွေဖွင့်လှစ်ထားပါတယ်။ ပါတီအနေနဲ့ ရန်ကုန်မှာ ညီလာခံကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
ဒီနေ့တွေ့ဆုံရာမှာ ရခိုင်အမျိုးသားပါတီဟာ ရခိုင်တိုင်းရင်းသားတွေ နိမ့်ကျနေတဲ့ ပညာရေး၊ လူမှုရေး၊ စီပွားရေး စတဲ့အကျိုးစီးပွားကို အစွမ်းကုန်မြှင့်တင်ရန်၊ ရခိုင်တိုင်းရင်းသားတွေ အန္တရာယ်ကို ကာကွယ်ရန်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရန် စတဲ့အချက် ၃ ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
တဆက်ထဲမှာလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က နယ်စပ်လုံခြုံရေး ဒုဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့်အပ်ဖို့ အဆိုပြုထားတာ၊ ရခိုင်ဒေသအကျိုးစီးပွားကို လုပ်ဆောင်မယ့်အကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ကတိပေးပြောကြားနေတာတွေနဲ့ ပတ်သက်ပြီး ဒီနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်တွေရဲ့ သဘောထားအမြင်ကို RFA သတင်းထောက် ကိုနေမျိုးထွန်က စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။